သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ သုံးနေတဲ့ ခေတ်မီလက်နက်တွေ ရုရှားက ပံ့ပိုးနေ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေ ဝိုင်းတော်သူ အင်ကြင်းနိုင်နဲ့ သီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဗွီအိုအေ ဝိုင်းတော်သူ အင်ကြင်းနိုင်နဲ့ သီးသန့်အင်တာဗျူး (ဇန်နဝါရီလ ၃၁၊ ၂၀၂၄)

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ စစ်ကောင်စီအသုံးပြုနေတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ပစ္စည်းတွေကို အဓိကထောက်ပံ့နေတာဟာ ရုရှားဖြစ်နေဆိုတာ သက်သေအထောက်အထားတွေနဲ့ တွေ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကို ပြောပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ Mr. Andrews ကို မအင်ကြင်းနိုင်က ဗွီအိုအေစတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

အင်ကြင်းနိုင် ။ ။ Tom Andrews အနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ အခြေအနေတွေကို ပြန်ပြီးသုံးသပ်ဖို့နဲ့ အရေးတကြီး တုံ့ပြန်ဆောင်ရွက်ဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။ အဲဒီတော့ မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ အသက်တွေကို ကယ်တင်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်သင့်ပါလဲ။

Tom Andrews: ပထမဆုံးလုပ်ရမှာက ပြန်ပြီးအကဲဖြတ်ပါ။ စစ်ကောင်စီ ကြိုးပမ်းနေတာက သူတို့သာ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့နဲ့ ဆက်ဆံရေးကို ရှောင်လွှဲလို့မရဘဲ မဖြစ်မနေ ဆက်ဆံရမှာ ဖြစ်တယ်ဆိုတာကို လုပ်နေတာပါ။ ဒါပေမယ့် သူတို့ဘက်မှာ အင်အားတွေ နည်းသထက်နည်းနေတယ်ဆိုတာ သိသာပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ပထမဆုံး ပြန်အကဲဖြတ်ရမှာက စစ်ကောင်စီနဲ့ အဆက်အဆံမလုပ်ပဲ ရှောင်လွှဲလို့ရတဲ့ နည်းလမ်းတွေရှိနေတဲ့ အချက်ပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရလိုမျိုး တရားခေါင်းဆောင်မှု၊ ကိုယ်စားပြုမှုတွေ ရှိနေတဲ့ သူတွေနဲ့ ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒုတိယအချက်ကတော့ စစ်ကောင်စီအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်အောင်လုပ်ဖို့ပါ။ ဥပမာ စစ်ကောင်စီက အပစ်မဲ့ပြည်သူတွေ၊ ရွာတွေအပေါ် ဗုံးကျဲတိုက်ခိုက်ဖို့ အသုံးပြုနေတဲ့ ဂျက်တိုက် လေယာဉ်တွေ မပျံသန်းနိုင်အောင် လေယာဉ်လောင်စာဆီတွေ မရောင်းချဖို့ ပိတ်ဆို့တဲ့ဒဏ်ခတ်အရေးယူမှုမှာ အခြားနိုင်ငံပေါင်းများစွာက ထပ်ထူ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူနေတဲ့နေရာမှာ သီးခြားစီ ဆောင်ရွက်နေကြတာကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပိုပြီးထိရောက်မယ်လို့ မြင်ပါတယ်။

အင်ကြင်းနိုင် ။ ။ တဘက်မှာတော့ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်နေတဲ့ တရုတ်ဟာ မြန်မာစစ်ကောင်စီနဲ့ အနီးကပ်ဆက်ဆံရေး ရှိနေပါတယ်။ အထူးသဖြင့် ရှမ်းမြောက်ပိုင်းမှာ စစ်ကောင်စီက သူတို့လက်အောက်ခံ ကိုးကန့်နယ်ခြားစောင့် တပ်ခေါင်းဆောင်တွေကို ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ အလိုရှိနေတဲ့ တရုတ်လက်ထဲ ပေးလိုက်တာမျိုး ရှိပါတယ်။ ပြီးတော့ ကုလသမဂ္ဂမှာဆိုရင်လည်း တရုတ်က စစ်ကောင်စီကို ကာကွယ်ပေးနေတယ်ဆိုပြီး စွပ်စွဲချက်တွေလည်း ရှိပါတယ်။ အဲဒီတော့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်နဲ့ စစ်ကောင်စီကြား အနီးကပ်ဆက်ဆံရေးတွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ဘယ်လိုရိုက်ခတ်မှုတွေ ရှိမလဲ။

Tom Andrews: တရုတ်နိုင်ငံဘက်ကတော့ ရှင်းပါတယ်။ သူ့နိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုဆိုင်ရာ အကျိုးစီးပွားတွေပေါ်မှာ အခြေခံပြီး လုပ်ဆောင်နေတာပါ။ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို နားလည်ဖို့ လိုအပ်နေပါတယ်။ စစ်ခေါင်းဆောင်တွေ၊ စစ်အာဏာရှင်တွေကို ရှင်သန်ခွင့်ပေးထားခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဥပဒေမဲ့တဲ့ လုပ်ရပ်တွေ ပိုမိုဖြစ်ပေါ်စေပြီး တရုတ်ပြည်သူတွေအတွက်ပါ အန္တရာယ်ဖြစ်လာတဲ့အထိ တိုက်ရိုက်ခြိမ်းခြောက်လာနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးမှာ သြဇာကြီးမားတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ အရေးပါပါတယ်။ ကျွန်တော်ပြောသမျှကို တရုတ်က သဘောမတူပေမယ့် ကျွန်တော်မြင်တဲ့အတိုင်း အမှန်အတိုင်း ပြောတာပါ။ သူတို့ရဲ့အမြင်တွေကို လေးစားပါတယ် ဒါပေမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ပြီး ရှိနေတဲ့ အချက်ကို ကြည့်မယ်ဆိုရင် စစ်ကောင်စီကို ကုလသမဂ္ဂမှာ အပြင်းထန်ဆုံးဝေဖန်သူတဦးဖြစ်နေပေမဲ့ သံအမတ်ကြီး ဆက်ပြီးရှိနေဖို့ ဆက်ပြီးထောက်ခံထားတဲ့ နိုင်ငံတွေထဲမှာ တရုတ်လည်း ပါဝင်နေပါတယ်။ ဒါကို ကြည့်ရင် ကုလအထွေထွေညီလာခံမှာ အတိုက်အခံတွေရဲ့ အသံတွေကို တရုတ်က တန်ဖိုးထားတယ်။ လက်တွေ့ကျကျ နားလည်သဘောပေါက်တယ်ဆိုတာကို တရုတ်က ပြသခဲ့ပါတယ်။ ဒါကြောင့် တရုတ်နဲ့ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးပါတယ်။

အင်ကြင်းနိုင် ။ ။ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေမှာသုံးတဲ့ ရဟတ်ယာဉ်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေဟာ ရုရှားလုပ်တွေ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီတော့ Tom Andrews ပြောခဲ့တဲ့ စစ်ခေါင်းဆောင်တွေ လိုအပ်နေတဲ့ ပိုက်ဆံ၊ အာဏာနဲ့ တရားဝင်မှုဆိုတဲ့ အပိုင်းတွေမှာ ရုရှားက ဘယ်လို အထောက်အကူပေးနေတယ်လို့ မြင်ပါလဲ။

Tom Andrews: တကယ်တော့ ရုရှားဟာ စစ်အာဏာရှင်တွေအတွက် တခုတည်းသော အကြီးဆုံးလက်နက်အရင်းအမြစ် ဖြစ်ပါတယ်။ ဒီအချက်ကို ကျနော် ဘာကြောင့် အသေအချာ ပြောနိုင်သလဲဆိုရင် ကုလသမဂ္ဂထုတ်ပြန်တဲ့ ကျနော်ရဲ့ အစီရင်ခံစာနှစ်ခုမှာ အထောက်အထားတွေနဲ့ ကျနော်တင်ပြထားပါတယ်။ အခုလောလောဆယ်မှာလည်း စစ်ကောင်စီ လက်နက်တွေ ဘယ်ကရနေလဲ။ ဝင်ငွေတွေ ဘယ်လိုစီးနင်းနေလဲ စတာတွေကို ဆန်းစစ်ထားတဲ့ တတိယမြောက် အစီရင်ခံစာကို ကျနော်ရေးနေပါတယ်။ ဒါကြောင့် ရုရှားဟာ စစ်ကောင်စီအတွက် အဓိကလက်နက်ရင်းမြစ် ဖြစ်တယ်ဆိုတာကို ကျနော်ပြောနိုင်တာပါ။ ဒီလက်နက်တွေကို ကြောက်မက်ဖွယ်အကေင်းဆုံးနည်းလမ်းတွေနဲ့ စစ်ကောင်စီက အသုံးပြုနေတာပါ။ ရဟတ်ယာဉ်တွေ၊ အလွန်ခေတ်မှီဆန်းပြားတဲ့ လက်နက်တွေ၊ ဗုံးတွေပါတဲ့ ဂျက်တိုက်လေယာဉ်တွေကိုအသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေ၊ ကျေးရွာတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီလုပ်ရပ်တွေဟာ ထိတ်လန့်တုန်လှုပ်စရာ ကောင်းပါတယ်။ ဒါတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေရဲ့ ဖြစ်ရပ်တွေကလည်း တကယ့်ကို ကြေကွဲစရာပါ။
ရုရှားက ဒီလိုလက်နက်တွေကို စစ်ကောင်စီကို ရောင်းချနေတဲ့ လုပ်ရပ်ကို ကုလသမဂ္ဂမှာ ကျနော် အစီရင်ခံတင်ပြတိုင်း ဝေဖန်တဲ့အပေါ်မှာလည်း ရုရှားဘက်က ကျနော့်အစီရင်ခံစာကို လက်မခံဘူးလို့ တုံ့ပြန်လေ့ရှိပါတယ်။ အဲဒီအခါမှာ ကျနော် သူတို့ကိုပြောတာက ခင်ဗျားတို့ ရောင်းချတဲ့ ခေတ်မှီလက်နက်တွေကို စစ်ကောင်စီက အသုံးပြုပြီး အပြစ်မဲ့တဲ့ ကလေးတွေ၊ အမျိုးသမီး၊ အမျိုးသားတွေကို သတ်ဖြတ်နေတဲ့ အချက်ပါ။ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ဖို့ ဒီလက်နက်တွေ အသုံးချနေတဲ့အတွက် စစ်ကောင်စီကို ရုရှားအနေနဲ့ အကူအညီတွေမပေးပဲ ရပ်တန့်ထားဖို့ လိုပါတယ်။

အင်ကြင်းနိုင် ။ ။ မကြာသေးခင်က ထုတ်ပြန်တဲ့ Tom Andrews ရဲ့ မြန်မာ့အရေးကြေညာချက်မှာ အကာအကွယ်မဲ့နေတဲ့ စစ်ပြေးဒုက္ခသည်တွေဆီကို လူသားချင်းစာနာတဲ့ အကူအညီတွေရောက်ဖို့ အရေးကြီးနေတာကို ထောက်ပြထားပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အကူအညီတွေလိုအပ်နေတာ ထောက်ပြထားပါတယ်။ အဲဒီတော့ အလှုရှင်နိုင်ငံတွေအပါအဝင် ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ ဒီလို အကူအညီတွေ အရေးပေါ်လိုအပ်နေသူတွေဆီကို အကူအညီတွေရောက်အောင် ဘယ်လိုပုံစံမျိုးနဲ့ ထိရောက်အောင်ဆောင်ရွက်သင့်လဲ။

Tom Andrews: မြန်မာနိုင်ငံမှာ လူပေါင်း ၁၈.၆ သန်းအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပြင်းအထန် လိုအပ်နေပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း အလွန်အမင်း အာဟာရချို့တဲ့မှုကြောင့် ကလေးပေါင်း ၁၀,၀၀၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ နှစ်စဉ် မြန်မာကလေးငယ် ထောင်ပေါင်းများစွာဟာ အစာငတ်မွတ်ခေါင်းပါးပြီး သေဆုံးနေကြတာပါ။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း အရမ်းကို လိုအပ်နေပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ တဖြည်းဖြည်း နည်းလာတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲဒီဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ အတားအဆီးတွေ တိုးလာတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နိုင်ငံတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ကွန်ရက်တွေကို တိုက်ရိုက်အကူအညီပေးနိုင်အောင် နည်းလမ်းရှာဖို့ လိုပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်တွင်းက အကူအညီ လိုအပ်နေသူတွေဆီ တိုက်ရိုက်ရောက်ဖို့ ချဉ်းကပ်မယ့်နည်းလမ်းတွေ ချဲ့ထွင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို ပံ့ပိုးကြဖို့လည်း ကျနော် တိုက်တွန်းပါတယ်။

အင်ကြင်းနိုင် ။ ။ Tom Andrews ကိုယ်တိုင် မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမေရိကန်အောက်လွှတ်တော်အမတ်တဦးအနေနဲ့ ၁၉၉ဝ ခုနှစ်တဝိုက်ကတည်းက ကူညီဆောင်ရွက်ပေးခဲ့တာဆိုတော့ ဒီလို နှစ်ပေါင်း ၃၀ ကျော် မြန်မာ့အရေးကို တစိုက်မတ်မတ် ဆောင်ရွက်လာသူတဦးအနေနဲ့ ဒီတကြိမ် စစ်အာဏာသိမ်းမှု ဘယ်လို အဆုံးသတ်မလဲ၊ ပြီးတော့ နောက်ဆုံးရလာဒ်ကို ဘယ်လိုမြင်မိလဲရှင့်။

Tom Andrews: ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ကျနော် မြန်မာပြည်သူတွေနဲ့ နှစ်ပေါင်းများစွာလုပ်ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် အခု မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း မကြာခင် ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ချက် ကြီးကြီးမားမား ပေးတဲ့သူတွေက မြန်မာပြည်သူတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ သတ္တိ၊ ဇွဲ၊ အမျှော်အမြင်ကြီးမားမှု၊ တီထွင်ဖန်တီးနိုင်မှု၊ သံဓိဌာန်ခိုင်မာမှုတွေအတွက် ကျနော်အနေနဲ့ တကယ်ပဲ အားတက်မိပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်တဲ့ အနေအထားမှာ ရှိနေတာဟာကျနော့်အတွက် အခွင့်ထူးတရပ်ပါပဲ။

XS
SM
MD
LG