သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM အာဏာဖီဆန်ရေးလှုပ်ရှားမှု နဲ့ နွေဦးတော်လှန်ရေး


မြန်မာနွေဦးတော်လှန်ရေးခေါင်းဆောင် ဒေါက်တာတေဇာဆန်း
မြန်မာနွေဦးတော်လှန်ရေးခေါင်းဆောင် ဒေါက်တာတေဇာဆန်း

CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါ၀င်ခဲ့ကြသူတွေဟာ PDF ဆရာ၀န်၊ PDF ကျောင်းဆရာ၊ PDF ကျောင်းသားတွေ စသဖြင့် နွေဦးတော်လှန်ရေးမှာ ကြံ့ကြံ့ခံ ဆက်လက်ပါ၀င်နေကြကြောင်း မန္တလေး CDM လှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဗွီအိုအေကိုပြောပါတယ်။

အာဏာသိမ်းတာ ၃ နှစ်ကြာလာချိန် CDM လှုပ်ရှားမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေမှာရှိနေတဲ့ ဒေါက်တာတေဇာဆန်းကို မအင်ကြင်းနိုင် Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာတေဇာဆန်း ။ ။ နိုင်ငံ့ဝန်ထမ်းတွေ ရုံးမတက်ဘဲ ရုံးထွက်ခဲ့ကြတဲ့ CDM လှုပ်ရှားမှုကြီးက ပြောရရင် ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ ပထမဦးဆုံးတာထွက်ခရာသံလိုတောင် ပြောရမှာ ဖြစ်ပါတယ်။ ကျနော် မှတ်မိတယ် ၂၀၂၁ ဖေဖေါ် ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းတယ်။ အဲဒီတော့ ဖေဖေါ် ဝါရီလ ၁ ရက်နေ့ည၊ ၂ ရက်နေ့ မနက်ကတည်းက CDM လှုပ်ရှားမှု စတင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပညာရေး ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းဦးရေ သိန်းနဲ့ချီ၊ သန်းနဲ့ချီပြီးတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ မိမိတို့ရဲ့ လွတ်လပ်တဲ့ သဘောထားတွေနဲ့။ ဒီ CDM လှုပ်ရှားမှုကြောင့်ပဲ အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး ယန္တရား တည်လို့မရတာ ဒီနေ့အထိပါပဲ။ ဒါကြောင့် CDM လှုပ်ရှားမှုသည် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီးအတွက် အင်မတန်မှအရေးပါတဲ့ တော်လှန်ရေး မဏ္ဍိုင်ကြီးတရပ်လည်း ဖြစ်တယ်။ ဒီနေ့အချိန်ထိ အချိန် ၃ နှစ် ရှိသွားပြီ။ ဒီ CDM လှုပ်ရှားမှု ကြံ့ကြံ့ခံ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ကျနော်တို့ ရောက်တဲ့နေရာတိုင်းမှာ ကျေးရွာတိုင်းမှာ တွေ့ရတယ်။ CDM ဝန်ထမ်းတွေ။ အခုဆိုရင် CDM ဝန်ထမ်းအများစုသည် မူလ CDM အလုပ်အပြင် စစ်ကောင်စီကို လက်မခံဘူးဆိုတဲ့အပြင် တော်လှန်ရေးအင်အားစုတွေအတွက် လိုအပ်နေတဲ့ တာဝန်တွေကိုလည်း ထမ်းရွက်နေကြတာကိုလည်း အင်မတန်မှ ဝမ်းမြောက်စရာ၊ ဂုဏ်ယူစရာ တွေ့ရပါတယ်။

ကျနော်တို့ အညာမှာဆိုရင် ကြားကာလ စာသင်ကျောင်းတွေ ရှိတယ်။ စာသင်ကျောင်းတွေမှာ စာသင်နေတာလည်း CDM ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ကျေးရွာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။ အဲဒါတွေကို ကြည့်ရင်လည်း CDM ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ နောက်ဆုံး ကျနော်တို့ ပြည်သူ့ကာကွယ်ရေတပ်မတော် PDF မှာ ကြည့်လိုက်ရင်လည်း CDM ကျောင်းဆရာတွေ၊ CDM ကျောင်းသားတွေ အများကြီးတွေ့နေရပါတယ်။ အဲဒီတော့ တနည်းပြောရရင် တော်လှန်ရေးမှာ နှစ်ထပ်ကွမ်း ထပ်ပါပါတယ်။ CDM လုပ်တဲ့အပြင် တော်လှန်ရေးမှာ နောက်ထပ် သူတို့တတ်နိုင်တဲ့ တာဝန်တွေကို ထမ်းရွက်နေကြတဲ့ အင်မတန်မှ ဂုဏ်ယူထိုက်တဲ့ နိုင်ငံဝန်ထမ်းတွေ CDM သူရဲကောင်းတွေလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ဒီနေ့ အချိန် ၃ နှစ်တိုင်သည့်အထိ CDM တွေ ကြံ့ကြံ့ခံစွာ။ အားကောင်းသန်မာစွာဖြင့် ရှိနေတယ်လို့ ရှုမြင်ပါတယ်။

မေး ။ ။ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင် ဒေါက်တာတေဇာဆန်းကိုယ်တိုင်က ရှမ်းပြည်မြောက်ပိုင်းဘက်ကိုလည်း ရောက်ခဲ့တယ်ဆိုတော့ အဲဒီမှာ အထူးသဖြင့် ကိုးကန့်ဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတဲ့အခါကြတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေက နွေဦးတော်လှန်ရေးနဲ့ တသားတည်းဖြစ်နေတယ်လို့ မြင်လားရှင့်။

ဖြေ ။ ။ မှန်ပါတယ်။ ပြောရမယ်ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး အချိန် ၃ နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ နယ်ပယ်ဒေသ တော်တော်များများကို ရောက်ဖြစ်ပါတယ်။ ခရီးတွေ အများကြီးထွက်ဖြစ်ပါတယ်။ ပြည်သူတွေ အများကြီးနဲ့ တွေ့ဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ကြီးတွေ ERO, EAO အဖွဲ့ပေါင်းများစွာနဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေပြုတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့လည်း အများကြီးတွေ့ဖြစ်တယ်။ အခြားဒေသက တော်လှန်ရေးအဖွဲ့တွေနဲ့လည်း တွေ့ဖြစ်ပါတယ်။ အဲဒီလို တွေ့ဖြစ်ဆုံဖြစ်တဲ့ နေရာမှာ တူညီတဲ့အချက်တွေ အများကြီးတွေ့မိတယ်။ အဓိကတော့ ဘာလဲဆိုတော့ ကျနော်တို့ ပြောရရင် ဒီတိုင်းရင်းသား တော်လှန်ရေးအဖွဲ့ကြီးတွေ ရှေ့မှာ နှစ်ပေါင်းများစွာ တချို့အဖွဲ့တွေဆိုရင် နှစ်ပေါင်း ၇၀ ကျော်၊ အချို့အဖွဲ့တွေ နှစ်ပေါင်း ၆၀၊ တချို့အဖွဲ့တွေ နှစ် ၄၀ ကျော်၊ ၃၀၊ ၂၀ နှစ်ပေါင်းများစွာ ဆယ်စုနှစ်နဲ့ချီပြီးတော့ ကျနော်တို့တိုင်းပြည်မှာ အာဏာရှင်စနစ်ဆိုးတွေကို တွန်းလှန်ခဲ့ကြတယ်။ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လက်နက်ဆွဲကိုင် တော်လှန်ရေး လုပ်ခဲ့ကြတဲ့ အဖွဲ့အစည်းကြီတွေ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းကြီးတွေရဲ့ တူညီတဲ့ ရှုမြင်ချက်က အခု နွေဦးတော်လှန်ရေးကြီးသည် မိမိတို့၏ မျှော်ရည်ချက်တွေ၊ မိမိတို့ပန်းတိုင်ကို ရောက်ဖို့ရာအတွက် အကောင်းဆုံး အခွင့်အလမ်းကြီး ဖြစ်တယ်။ အကောင်းဆုံး အခွင့်အရေးကြီး ဖြစ်တယ်။ ဒါကို အားလုံးက တသံတည်း၊ တပြေညီ ရှုမြင်ကြတယ်။ အဓိကပြောချင်တာကတော့ ကျနော်တို့ ဒီတခေါက်မှာ မြေပြန့်မှာ အထူးသဖြင့် နေထိုင်ကြတဲ့ ကျနော်တို့ ဗမာတိုင်းရင်းသားတွေကိုယ်တိုင် တနည်းပြောရရင် ဒီနိုင်ငံရဲ့ လူအများစု တိုင်းရင်းသားလည်း ဖြစ်ပါတယ်။ အဲဒီတော့ အညာဒေသ မြေပြန့်ဒေသမှာ နေကြတဲ့ ဗမာတိုင်းရင်းသားတွေကိုယ်တိုင် တနိုင်ငံလုံး ဒီအာဏာရှင် ဘုံရန်သူ ဖက်ဆစ်စစ်တပ်ကို အပြင်းထန်ဆုံး ဆန့်ကျင်တွန်းလှန်ကြနေပြီ။ ဒီလိုအခြေအနေမှာ ဒီပွဲ ဘယ်လိုမှ မနိုင်စရာအကြောင်း မရှိဘူးဆိုတာကို အားလုံးက လက်ခံကြတယ်။ ယုံကြည်ကြတယ်။ အဲဒီတော့ ပြောရရင် ဒီလိုအခွင့်အလမ်းမျိုး ဒီလိုအခြေအနေမျိုးကို စောင့်စားမျှော်လင့်နေတာလည်း ရှေ့မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒါကြောင့်လဲ အခု ၂၀၂၁ နွေဦးတော်လှန်ရေးကြီး အခုအချိန်မှာ အားလုံး တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အသီးသီးအားလုံးက ပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ အစွမ်းကုန် တော်လှန်ရေးကြီးနဲ့အတူ ဟန်ချက်ညီတသားတည်း စီမျောနေကြတယ်။ အခုနပြောတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကျနော်တို့ရဲ့ ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း အလားတူပါပဲ။ နွေဦးတော်လှန်ရေးကြီးနဲ့အတူတူ ဟန်ချက်ညီ တဆက်တဆက်တည်း ဘုံရန်သူလည်း တူတယ်။ အကြမ်းဖက်အာဏာရှင်စနစ်၊ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု ဖြစ်တယ်။ ဘုံပန်းတိုင်ကလည်း အားလုံးရှိကြပါတယ်။ တကယ်စစ်မှန်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံးသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဘုံရန်သူကို အတူတူတိုက်ခိုက်တွန်းလှန်နေကြတယ်။ ဘုံပန်းတိုင်ကို အတူတူချီတက်နေကြတယ်။ ကျနော်တို့အားလုံးမှာ ဘုံတူညီတဲ့လုပ်ငန်းစဉ်တွေနဲ့အတူတူ ချီတက်နေကြပါတယ်လို့ ကျနော်အနေနဲ့ ဒီလိုလေးရှုမြင်ပါတယ်။

မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အနေအထားအရဆိုရင် တိုင်းရင်းသားအဖွဲ့၊ တိုင်းရင်းသားလူမျိုးအသီးသီး ရှိကြတယ်။ သူတို့သမိုင်းကြောင်းနောက်ခံတွေကလည်း အမျိုးမျိုးရှိကြတဲ့အခါကြတော့ အနာဂတ် တည်ဆောက်ရေးမှာကော - ဥပမာ ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင်လည်း ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ကိုးကန့်စတဲ့ အဖွဲ့အစည်းအသီးသီး ရှိကြတယ်။ အဲဒီတော့ အနာဂတ် တည်ဆောက်ရေးမှာ၊ အနာဂတ်နိုင်ငံ ဖက်ဒရယ် တည်ဆောက်ရေးမှာ ဒီလို လူမျိုးစုအသီးသီး ကွဲနေတဲ့အခြေအနေက ဖက်ဒရယ် တည်ဆောက်ရေးမှာ ဘယ်လိုအခက်အခဲတွေ ဖြစ်နိုင်သလဲရှင့်။

ဖြေ ။ ။ ကျနော်တို့တိုင်းပြည်က လူမျိုးတခုတည်း၊ ဘာသာတရား တခုတည်းနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်မဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်မှာ မတူညီတဲ့လူမျိုးတွေ လူမျိုးစုတွေ အများကြီး မှီတင်းနေထိုင်ကြတယ်။ မတူညီတဲ့ ဘာသာတရားတွေကို ကိုးကွယ်ယုံကြည်ကြတယ်။ မတူညီတဲ့ ဘာသာစကားတွေလည်း ရှိကြတယ်။ တချိန်တည်းမှာပဲ မတူညီတဲ့ သမိုင်းကြောင်းနောက်ခံတွေ၊ ရေမြေတောတောင်တွေ ရှိတယ်။ တကယ်တော့ ပြောရရင် ဒီလိုစုံလင်ကွဲပြားမှုသည် အလှတရားလည်း ဖြစ်ပါတယ်။ တနည်းပြောရရင် အားသာချက်လို့လည်း ပြောနိုင်ပါတယ်။ ဒီလိုစုံလင်ကွဲပြားမှုတွေကြားထဲမှာ ကျနော်တို့နဲ့ ဆက်စပ်တဲ့ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်ကောင်းကို တည်ဆောက်နိုင်ဖို့သာလျှင် အဓိကကျတယ်လို့ ကျနော့်အနေနဲ့ ရှုမြင်ပါတယ်။ ကမ္ဘာမှာလည်း ကျနော်တို့ မြန်မာနိုင်ငံထက် ပိုပြီးတော့ လူမျိုးအရ၊ ဘာသာတရားအရ၊ သမိုင်းယဉ်ကျေးမှုအရ စုံလင်ကွဲပြားတဲ့ နိုင်ငံတွေရှေ့မှာ အများကြီးရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ စီမံခန့်ခွဲအုပ်ချုပ်နေတဲ့ တိုးတက်နေတဲ့ နိုင်ငံတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် အခုနပြောခဲ့တဲ့ ကျနော်တို့ရဲ့ မျှော်ရည်ချက်က တကယ့်စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်။ ဖက်ဒရယ်စနစ်ဆိုတာလဲ ဒါပါပဲ။ ကျနော်တို့နိုင်ငံ လွတ်လပ်ရေးရပြီး နှစ် ၈၀ နီးပါး သမိုင်းကြောင်းအရ ဒါကသေချာတယ်။ ကျနော်တို့တိုင်းပြည်ကို တကယ့်မှန်ကန်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ မှန်တယ် - တချို့သော တိုင်းပြည်ရဲ့ နေရာဒေသတွေမှာ အချင်းချင်း၊ မတူညီတဲ့ လူမျိုးတခုနဲ့ကြား မတူညီတဲ့ ယဉ်ကျေးမှုတွေကြားထဲမှာ အတွန်းအတိုက်လေးတွေ ရှိကောင်းရှိနိုင်ပါမယ်။

တနည်းပြောရရင် ပဋိပက္ခလေးတွေ။ သို့သော် ဒါတွေအားလုံးသည် ကျနော်တို့ အဓိက အရေးကြီးတာက ကျနော်တို့အားလုံးရဲ့ ဘုံရန်သူက ဘာလဲ။ အခုနပြောတဲ့ အာဏာရှင်စနစ်၊ ဗဟိုဦးစီးချုပ်ကိုင်ချင်တဲ့ စနစ်တွေကသာ အားလုံးရဲ့စစ်မှန်တဲ့ ဘုံရန်သူတွေ ဖြစ်ပါတယ်။ အဲဒီတော့ ဘုံရန်သူ အာဏာရှင်စနစ်တွေ မရှိတဲ့အချိန်မှာ ကျန်တဲ့ ကျနော်တို့ အချင်းချင်းကြားထဲက ပဋိပက္ခတွေ၊ အတွန်းအတိုက်တွေကို ကျနော်တို့ အားလုံးက ညီရင်းအကို၊ မောင်ကြီးနှမစိတ်။ တနည်းပြောရရင် မိတ်ဖက်စိတ်၊ မိတ်ဆွေစိတ်နဲ့ ဖြေရှင်းလို့ရတယ်။ ဆွေးနွေးလို့ရတယ်ဆိုတဲ့ ဒီလိုမျိုးခံယူချက်။ တနည်းပြောရရင် မိတ်ဖက်ပဋိပက္ခတွေ၊ အချင်းချင်းကြားထဲက ဆွေးနွေးစရာကိစ္စတွေကို လက်နက်တွေမပါဘဲ၊ အင်အားတွေ မသုံးဘဲနဲ့ ကျနော်တို့အချင်းချင်း နိုင်ငံရေးစားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာလို့ရတယ်လို့ အပြည့်အဝ ယုံကြည်တယ်။ ကျနော့်ရဲ့ တွေ့ရမြင်ရသော ခေါင်းဆောင်အသီးသီးက ဒီလိုပဲ ယုံကြည်ကြပါတယ်၊ ကျနော်တို့ အချင်းချင်းကြားမှာ ညှိနှိုင်းရမယ့် ကိစ္စတွေ ရှိတယ်။ ဒါတွေကို ကျနော်တို့ လက်ခံတယ်။ အသိအမှတ်ပြုတယ်ပေါ့။ သို့သော် ဒါတွေသည် အချင်းချင်း မိတ်ဆွေမက်ဖတ်ကြားထဲက အကြောင်းအရာတွေ ဖြစ်တဲ့အတွက် ပဋိပက္ခ ရှိခဲ့သည်တိုင်အောင်မှ ဒါတွေကို ကျနော်တို့အနေနဲ့ အာဏာရှင်စနစ်အလွန်မှာ ခံယူပြီးတော့ ကျနော်တို့ ငြိမ်းချမ်းစွာ စားပွဲဝိုင်းမှာပဲ စေ့စပ်ဆွေးနွေးပြီးတော့ အားလုံးဖြစ်ချင်တဲ့ ငြိမ်းချမ်းသာယာ တိုးတက်မယ့် လူ့အဖွဲ့အစည်းတခုကို သေချာပေါက် တည်ဆောက်နိုင်လိမ့်မယ်လို့ အပြည့်အ၀ နားလည်ယုံကြည်ပါတယ်။

မေး ။ ။ အဲဒီနေရာမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ယုံကြည်မှုအပိုင်း။ အထူးသဖြင့် ဒေါက်တာတေဇာဆန်းကိုယ်တိုင်လည်း မြောက်ပိုင်းဘက်ကို သွားခဲ့တယ်။ ကချင်ပြည်နယ်တို့ ဘာတို့ - ဒီတိုင်းရင်းသားတွေရဲ့ သူတို့ရဲ့ NUG ပေါ် ယုံကြည်မှုကို ဘယ်လိုတွေ့ရပါသလဲ။

ဖြေ ။ ။ ကျနော့် တဦးချင်း တယောက်ချင်းရဲ့ တွေ့ရှိချက်အရ ပြောမယ်ဆိုရင်လည်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းကြီးတွေက ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ သေသေချာချာ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်နေကြတာ၊ တော်လှန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတာ၊ တော်လှန်ရေးခရီးကြမ်းကို အတူဖြတ်သန်းနေကြတယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။ ဒီလိုပဲ ရှုမြင်ပါတယ်။ အဲဒါကလည်း အခုနပြောခဲ့သလို အခုမှမဟုတ်ဘူး၊ နွေဦးတော်လှန်ရေးကြီး စတင်ကတည်းက၊ ပြောရရင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပေါ်ပေါက်လာတာကိုက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ ၂၀၂၀ ရွေးကောက်ပွဲကနေ ပြည်သူလူထုက အာဏာပေးလိုက်တဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ ကြားကာလ ဖက်ဒရယ်ပြည်နယ်ယူနစ် ကိုယ်စားပြုကိုယ်စားလှယ်တွေစတဲ့ ဒီလိုမျိုး အင်အားစုအသီးသီး စုပေါင်းပြီးတော့မှ NUG အစိုးရဆိုတာလည်း ပေါ်ပေါက်လာတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ဆိုတာလည်း ရှိလာတယ်။ အမျိုးသားညီညွတ်ရေးကောင်စီ NUCC ဆိုတာလည်း ရှိလာတယ်။ ပြောချင်တာက NUG ကိုယ်တိုင်ပင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေအပါအဝင် ကြားကာလပြည်နယ် ဖက်ဒရယ်ယူနစ် အတိုင်ပင်ကောင်စီတွေ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေလို့ ပြောလို့ရတဲ့ လူထုတိုက်ပွဲ သပိတ်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် အားလုံးကနေ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ စုဖွဲ့ပေါ်ပေါက်လာတဲ့ ကြားကာလ တော်လှန်ရေးအစိုးရတရပ် ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ရှုမြင်တယ်။ အခု ဒီတော်လှန်ရေးကာလ ၃ နှစ်အတွင်းမှာ ဒီလိုပါပဲ NUG ကြားကာလ တော်လှန်ရေးအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းကြီးတွေ သေသေချာချာ စနစ်တကျ ညှိနှိုင်းတိုင်ပင်ပြီးတော့ နွေဦးတော်လှန်ရေးကြီးကို အတူတကွ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ရဲဘော်ရဲဘက်တွေအနေနဲ့ ဖြတ်သန်းနေကြတယ်လို့ ကျနော့်အနေနဲ့ ရှုမြင်နားလည်ပါတယ်။

မေး ။ ။ နွေဦးတော်လှန်ရေးဟာ ဆက်ပြီးတော့ ၃ နှစ်တာကာလ ကြာလာပေမဲ့ ရောက်လာတဲ့အခါမှာလည်း အရှိန်အဟုန် ဆက်ကောင်နေဆဲဆိုတဲ့အပိုင်းမှာ ဘယ်လောက်ထပ်ပြီးတော့ ကြာနိုင်မလဲရှင့်။

ဖြေ ။ ။ တော်လှန်ရေးကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများကို ခရီးရောက်ဖြစ်ပါတယ်။ နေရာတော်တော်များများက ပြည်သူတွေ အများကြီးနဲ့လည်း တွေ့ဖြစ်တယ်။ ဒီကနေ ဘာတွေ့ဖြစ်လဲဆိုတော့ ပြည်သူတွေက ဒီတော်လှန်ရေး အောင်ပွဲဆင်ဖို့ရာအတွက် အစစအရာရာ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်။ သူတို့ ဘာကိုပဲ ရင်းနှီးရပါစေ၊ ဘာကိုပဲ ပေးဆပ်ပါရစေ၊ သူတို့ရွာ မီးလောင်သွားမလား။ သူတို့အိမ် ပြာကျသွားမလား။ နောက်ဆုံး သူတို့အသက်ခန္ဓာ ပေးရမလား။ ရတယ် ဒီတော်လှန်ရေးကြီး နိုင်ဖို့အရေးကြီးတယ်။ နိုင်မှဖြစ်မယ်ဆိုတဲ့ စိတ်က ပြည်သူအားလုံးမှာ ပိုင်းဖြတ်ပြီသား ဖြစ်တယ်။ ဒီအာဏာရှင်စနစ်ဆိုး မရှိမှ၊ ဒီအကြမ်းဖက်စစ်တပ် မရှိမှ ငါတို့တိုင်းပြည် တိုးတက်မယ်။ ငါတို့တွေဒေသ ဖွံ့ဖြိုးမယ်။ ငါတို့ရွာလေး ငြိမ်းချမ်းမယ်ဆိုတာသည် သူတို့ရဲ့ဘဝပေးအသိအရ သိနေပြီ။ ဒီတော့ အာဏာရှင်စနစ် ပြိုကျဖို့ကို သူတို့ဘာကို ဘယ်လိုပဲ ပေးဆပ်ပါရစေ။ ဘယ်လောက်ပဲ ပင်ပန်းပါစေ။ ဘယ်လောက်ပဲ ခက်ခဲပါစေ။ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ။ ဘယ်လောက်ပဲ အချိန်ကြာမြင့်ပါစေ။ သူတို့အားလုံးအသင့်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ကျနော်တို့ ပြည်သူတွေကြားထဲမှာကော၊ တော်လှန်ရေးအင်အားစုကြားထဲမှာလည်း တွေ့ရတယ်။ အဲဒီတော့ ဖြတ်သန်းခဲ့တဲ့ အချိန် ၃ နှစ်ကို ကြည့်မယ်ဆိုရင်လည်း တနည်းပြောရရင် ကျနော်တို့အတွက် တော်လှန်ရေးဘက်ကကြည့်ရင် အဆိုးဝါးဆုံး အခက်ခဲဆုံး အခြေအနေပါပဲ။ လက်နက်ကိုင် တိုက်ပွဲတွေကို ကြည့်မယ်ဆိုလဲ လွန်ခဲ့တဲ့ ၃ နှစ်က တူမီးနဲ့ စခဲ့ရတယ်။ လက်လုပ်မိုင်းလေးတွေနဲ့ လက်လုပ်တူမီးသေနတ်နဲ့ စခဲ့တဲ့ တော်လှန်ရေး။ ဒီနေ့ အညာမှာလည်း မောင်းပြန်သေနတ်တွေကို မြင်လာတွေ့လာရပါပြီ။ ပြောချင်တာက တော်လှန်ရေးရဲ့ အခက်ခဲဆုံး အချိန်တွေ၊ အခြေအနေတွေကို ဖြတ်သန်းခဲ့ပြီ၊ ကျော်လွန်ခဲ့ပြီ။ ဒီကရှေ့ ၃ နှစ် ဖြတ်သန်းခဲ့တဲ့ စုစည်းချက်၊ ညီညွတ်မှု၊ ခံယူချက်၊ စိတ်ဓါတ်တွေအတူတူ ဖြတ်သန်းကြမယ်ဆိုရင်တော့ ကျနော်တို့အားလုံး မျှော်ရည်တည်ဆောက်လိုတဲ့ ရွှေပြည်တော်က ရောက်ဖို့ရာအတွက် မဝေးတော့ဘူးလို့ သုံးသပ်ချင်တယ်။ အဲဒီတော့ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ အတူတူ မရောက်ရောက်အောင် သွားကြမယ်ဆိုတာလည်း အင်မတန်မှ ခိုင်မာတယ်လို့ပဲ ကျနော်အနေနဲ့ ရှုမြင်ပါတယ်။

Forum

XS
SM
MD
LG