သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး စီးနင်းတိုက်ခိုက်မှုအတွင်း အနောက်ဖက်ကမ်းဒေသမှာ ပါလက်စတိုင်း ၁၃ ဦးသေဆုံး


ဧပြီလ ၂၀ ရက်နေ့မှာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ Nur Shams ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ် ဝင်ရောက်စီးနင်းတိုက်ခိုက်
ဧပြီလ ၂၀ ရက်နေ့မှာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ Nur Shams ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ် ဝင်ရောက်စီးနင်းတိုက်ခိုက်

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးစစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုအတွင်း ပါလက်စတိုင်း ၁၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ အစ္စရေး နဲ့ ပါလက်စတိုင်း တပ်ဖွဲ့တွေက မနေ့စနေနေ့က ပြောလိုက်ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက Nur Shams ဒုက္ခသည်စခန်းကို သောကြာနေ့က စတင်ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီစီးနင်းမှုအတွင်းမှာ အကြမ်းဖက်သမား ၁၀ ယောက်ကို ရှင်းလင်းပြီး၊ ၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စလာမ်စစ်သွေးကြွတွေဘက်ကတော့ သူတို့တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ Tulkarm အဖွဲ့ကတော့ သူတို့တပ်ဖွဲ့တွေဟာ အစ္စရေးတပ်တွေနဲ့ စနေနေ့က အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။ Nur Shams ဒုက္ခသည်စခန်းကို အစ္စရေးတပ်က စစ်ကားတွေ ဝင်လာတဲ့အချိန်မှာ ဒရုန်း ၃ စင်းထက်မနည်း ဒုက္ခသည်စခန်းပေါ်မှာ ပျံဝဲနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

သေနတ်သံတွေနဲ့အတူ လမ်းတွေပေါ်မှာ လဲကျနေတဲ့သူတွေနဲ့ အစ္စရေးရဲ့ ဒရုန်းတွေကြောင့် အိမ်တွေပျက်စီးသွားတာကို တွေ့ခဲ့ကြားခဲ့တယ်လို့ AFP သတင်းထောက်တွေက ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲတွေက နာရီ ၄၀ ကျော်ကြာပြီး၊ စစ်သား ၈ ယောက်နဲ့ ရဲတပ်ဖွဲ့တယောက် ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အဲဒီစီးနင်းမှုအတွင်း ဆယ်ကျော်သက်အရွယ် ကလေးတဦးလည်း သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။

Forum

XS
SM
MD
LG