သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာမြို့နေအိမ်တွေမှာ စစ်မှုထမ်းဖို့ ညအချိန် ဖမ်းဆီးမှုတွေရှိနေ


စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူထားသူများကို စစ်သင်တန်းပေးနေစဉ် (ဧပြီ ၂၀၂၄)
စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူထားသူများကို စစ်သင်တန်းပေးနေစဉ် (ဧပြီ ၂၀၂၄)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒုတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ နေအိမ်တွေဆီ ညသန်းခေါင်အချိန် ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့မှာလည်း စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာက ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီအဖွဲ့ဟာ လူငယ်လူရွယ်တွေကို နေအိမ်ဆီလာရောက် ခေါ်ဆောင်သွားတာတွေ ရှိနေတယ်လို့ မျက်မြင်တွေ့သူ တဦးက ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစပြီး စစ်မှုထမ်း ဒုတိယအသုတ်အတွက် လူစုနေတာပါ။

"၄ ရက်နေ့ည ၈ နာရီခွဲလောက်က အိမ်ဝင်းတံခါး သော့ခတ်ထားတာကို ဖွင့်ခိုင်းပြီးတော့ အိမ်ရှင်ကလေးကို ခေါ်သွားတယ်။ အိမ်ရှင်ကလေးက အသက် ၂၀ ရှိပြီဗျ။ ခေါ်သွားတဲ့ ညတုန်းကတော့ သူနဲ့အတူအိပ်တဲ့ အဖော်ကလေးကို ပြောထားခဲ့တယ်။ မနက်ကျရင် ထွေအုပ်ရုံးကို ငွေ ၅ သိန်းနဲ့ လာရွေးဖို့ ပြောသွားတယ်ဗျ။ ပြောသွားတော့ ၈ နာရီမထိုးခင် သူ့မိဘတွေ ရောက်လာပြီး လိုက်ကြတဲ့အခါကျတော့ ရွေးလို့မရဘူး။ ဒီဥစ္စာ စစ်မှုထမ်းအတွက် ခေါ်တယ်။ စစ်ရေးလေ့ကျင့်ခန်းကျောင်းကို ပို့ရမယ်ပြောပြီးတော့ အဲဒီနေ့မှာပဲ မွန်းတည့်လောက် နမခကို ရွှေ့သွားတယ်။ မနေ့ကကျတော့ ၁၁ နာရီလောက်မှာ စစ်ရေးလေ့ကျင့်ခန်းကျောင်းကို ပို့တော့မယ်ဆိုပြီးတော့ မုံရွာနမခကနေ မိဘတွေကို အဲဒီကလေးက လှမ်းအကြောင်းကြားတော့ မုံရွာလေယာဉ်ကွင်းကို လိုက်သွားတဲ့အခါ ကလေးနဲ့တော့ တွေ့ရပါတယ်။ ညနေ ၃ နာရီလောက်မှာ လေယာဉ်နဲ့ သယ်သွားတယ်ဗျ။ မုံရွာက ၅၀ လောက်ပါသွားတယ်။ ၁ ယောက်ကတော့ ထွက်ပြေးလို့ လွတ်သွားတယ်လို့ ကြားရတယ်။"

စစ်မှုထမ်းဒုတိယအသုတ် ရောက်ရှိလာစဉ် (စစ်ကိုင်းတိုင်း၊ မေ ၉၊ ၂၀၂၄)
စစ်မှုထမ်းဒုတိယအသုတ် ရောက်ရှိလာစဉ် (စစ်ကိုင်းတိုင်း၊ မေ ၉၊ ၂၀၂၄)


မုံရွာမြို့မှာ စစ်မှုထမ်းဖို့ ပထမအသုတ် ခေါ်ဆောင်တုန်းက လူငယ် ၇၂ ယောက်ပါသွားတယ်လို့ ပြောပါတယ်။ အခု ဒုတိယအသုတ်အတွက် ဖမ်းဆီးထားသူတွေကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဆီ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာလည်း စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေကို ဖမ်းဆီးတာတွေ ခပ်စိပ်စိပ်ရှိလာတယ်လို့ ရေဦးမြို့နယ် အခြေပြု People's Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။ ဖေဖော်ဝါရီလ အစပိုင်းကတည်းက အခုချိန်ထိ ဖမ်းဆီးခေါ်ဆောင်ထားတာ အယောက် ၅၀ ဝန်းကျင်လောက် ရှိနေပြီလို့ ပြောပါတယ်။

"စစ်မှုထမ်းဖို့ စာရင်းထဲမှာပါတဲ့ အမျိုးသား လူငယ်လူရွယ်တွေကို အတင်းအဓမ္မ နေအိမ်တံခါးတွေ ချိုးဖျက်ရိုက်ချိုးပြီးတော့ ဝင်ဖမ်းတယ်။ ကြားသိရသလောက် ရေဦးအထက ၁ ကျောင်းဆောင်ဟောင်းထဲမှာပဲ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သိရှိရတယ်ဗျ။ ဖမ်းဆီးတာကတော့ ဒါနဲ့ဆိုရင် ၂ ကြိမ်၊ ၃ ကြိမ်လောက်တော့ ရှိပြီပေါ့နော်။ ကျနော်တို့ ကြားသိရသလောက်က အယောက် ၇၀ - ၈၀ လောက်ရောက်မှ မုံရွာနမခ ဖြစ်ဖြစ်၊ ရွှေဘိုလေ့ကျင့်ရေး ၈ ကိုပဲဖြစ်ဖြစ် ပို့ဆောင်ဖို့ သူတို့လုပ်ဆောင်နေတယ်လို့ သိရှိရတယ်။"

ဖမ်းဆီးခေါ်ဆောင် ခံထားရသူတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရကြပါဘူး။ လူငယ်တွေအပြင် သက်လတ်ပိုင်းနဲ့ အိမ်ထောင်သည် အမျိုးသားတွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ မတ်လအကုန်မှာ စစ်သင်တန်းကျောင်း ၁၅ ခုကို အစုလိုက်ခွဲပြီး ပို့ဆောင်ခဲ့တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စုဆောင်းခံရတဲ့ စစ်မှုထမ်းဦးရေကတော့ ၄,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG