သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး အီဂျစ်မှာညှိနှိုင်း


ဂါဇာဒေသထဲ အပျက်အစီးတွေကြားက ပါလက်စတိုင်း ကလေးငယ်များ
ဂါဇာဒေသထဲ အပျက်အစီးတွေကြားက ပါလက်စတိုင်း ကလေးငယ်များ

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးဖို့အတွက် Hamas အဖွဲ့ကိုယ်စားလှယ်တွေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ရောက်ရှိ နေကြပါတယ်။ Hamas အဖွဲ့နဲ့ အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲ‌ရေး သဘောတူညီမှုရနိုင်ဖို့ အီဂျစ်နိုင်ငံ၊ ကာတာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အီဂျစ်နိုင်ငံမှာ ဆွေးနွေးဖို့ ရောက်နေတာပါ။

Hamas တို့ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေပြန်လွှတ်ပေးရေး၊ အစ္စရေးတို့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာတဲ့ အကူအညီတွေ ဂါဇာကို ပို့နိုင်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ အခြေအတင် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Hamas တို့ဘက်က ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေးနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ တိုးတက်မှုရှိမှ အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို အီဂျစ်ကို စေလွှတ်မယ်လို့ အစ္စရေးထိပ်တန်း အရာရှိတယောက်က ဒီနေ့ စနေနေ့မှာ ပြောကြားပါတယ်။

နှစ်ဘက်ကြား အပစ်အခတ်ရပ်စဲရေး ရရှိနိုင်ဖို့ နိုင်ငံစုံက ကြိုးပမ်းနေကြတာမှာ အမေရိကန်ဘက်က ညှိနှိုင်းဆွေးနွေးဖို့ ထောက်လှမ်းရေးဌာန CIA အကြီးအကဲလည်း အီဂျစ်မှာ ရောက်နေပါတယ်။ Hamas နဲ့ အစ္စရေးတို့ကြား အပစ်အခတ်ရပ်နိုင်ဖို့ ဝိုင်းဝန်း အဆိုပြုထားတဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ Hamas တို့ဘက်က ဘယ်လို တုံပြန်မလဲဆိုတာ အားလုံးက စောင့်နေကြပါတယ်။ လက်ရှိ အခြေအနေမှာ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး ဖြစ်လာဖို့က ဟာမတ်စ် အဖွဲ့အပေါ်မှာ အဓိက မူတည်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့က ပြောပါတယ်။ အပစ်အခတ် ရပ်စဲပြီး ဓားစားခံတွေ ပြန်လွှတ်ပေးဖို့ ကိစ္စ သူတို့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ စောင့်ကြည့်ရလိမ့်ဦးမယ်လို့လည်း ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

တကယ်လို့သာ အဆိုပြုချက်ကို နှစ်ဘက် လက်ခံမယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုကို ရက်ပေါင်း ၄၀ ရပ်ဆိုင်းထားရမှာဖြစ်ပြီး၊ အစ္စရေးဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို အပြန်အလှန် လဲလှယ်ကြရမှာဖြစ်ပါတယ်။ ဂါဇာဒေသကနေ အစ္စရေးစစ်တပ်တွေ ရုတ်သိမ်းပေးရမယ်လို့ Hamas တို့ဘက်က တောင်းဆိုမှုကြောင့် ညှိနှိုင်းဆွေးနွေးမှုတွေ လနဲ့ချီ ရပ်ဆိုင်းနေတာဖြစ်ပါတယ်။ ဂါဇာတောင်ပိုင်းက Rafah မြို့ကို ထိုးစစ်ဆင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားထားချိန်မှာ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးရဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG