သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin နဲ့ တိုင်းရင်းသားအဖွဲ့တချို့တွေ့ဆုံခဲ့


ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေအတွင်း အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။

RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယောဆဒ် (ယွက်စစ်) နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တွေ့ဆုံခဲ့သလို၊ ပြီးခဲ့တဲ့ မတ်လတုန်းကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်အမျိုးသားအစည်းအရုံး (KNO) နဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အနေနဲ့ မြန်မာ့အရေးမှာ ကြားဝင် ကူညီ ဖြေရှင်းပေးဖို့ လာရောက် ဆွေးနွေးတာလို့လည်း ဒီတွေ့ဆုံပွဲတွေအကြောင်း သိသူတွေက ပြောပါတယ်။ မြန်မာစစ်တပ်ဟာ လက်ရှိအချိန်မှာ အင်အားချိနဲ့လာနေတာမို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားထားပါတယ်။ ဒီလိုအခြေအနေမှာ လက်ရှိထိုင်းအစိုးရအပေါ် ဩဇာညောင်းတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin က တိုင်းရင်းသားအဖွဲ့တွေ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်း နယ်စပ်ဒေသတွေ အပါအဝင် မြန်မာနိုင်ငံ နေရာ အတော်များများမှာ လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက နယ်မြေအတော်များများကို တိုးချဲ့သိမ်းယူလာနေချိန်မှာ ခုလို တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ချိန်တုန်းကလည်း ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ဖို့ စီစဥ်ခဲ့ပေမဲ့ ဒီအစီအစဉ်အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Panpree Bahiddha-Nukara ကတော့ ထိုင်း မြန်မာနယ်စပ်တံတားနားအထိ သွားရောက်ခဲ့ပြီး နှစ်ဘက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG