သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်ရဲ့ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက် ဟားမတ်(စ) အပြုသဘောနဲ့လေ့လာ


Hamas Egypt
Hamas Egypt

ဂါဇာတောင်ပိုင်းက ရာဖါမြို့ကို အစ္စရေးက ထိုးစစ်ဆင်တော့မယ့်အနေအထား ရောက်နေချိန်မှာပဲ၊ ဟားမတ်စ်အကြီးအကဲ Ismail Haniyeh က အပစ်ရပ်ရေးညှိနှိုင်းမှုတွေ အပြီးသတ်ဖို့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ကို မကြာခင်မှာပဲ အီဂျစ်ကို စေလွှတ်တော့မယ်လို့ ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် Haniyeh က သူဟာ အစ္စရေးဘက်က နောက်ဆုံးတင်ပြတဲ့ အဆိုပြုချက်အတွက် အပြုသဘောနဲ့ ဆန်းစစ်လေ့လာကြောင်း အီဂျစ်နဲ့ကာတာ ညှိနှိုင်းရေးမှုးတွေကို ကြာသပတေးနေ့က တယ်လီဖုံးဆက် ပြောကြားခဲ့တာပါ။ ၇ လထဲ ဝင်လာပြီဖြစ်တဲ့ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲအတွက် အပစ်ရပ် သဘောတူညီချက်ရဖို့ အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့က ကြားဝင် ညှိနှိုင်းပေးနေတာ ဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ William Burns ဟာလည်း ဂါဇာအရေး ဆွေးနွေးဖို့အတွက် သောကြာနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုကို သွားရောက်ကြောင်း အီဂျစ်တာဝန်ရှိသူနဲ့ ကိုင်ရိုလေဆိပ် တာဝန်ခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တားစ် သတင်းမှာ ဖေါ်ပြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကတော့ အပစ်ရပ်ရေးအတွက် အစ္စရေးဘက်က ကမ်းလှမ်းမှုဟာ အထူးရက်ရောမှု ရှိနေတာ တွေ့ရတယ်လို့ ပြောကြားခဲ့သလို ဒါကို ဟားမတ်စ်ဘက်က လက်ခံဖို့ တိုက်တွန်းပါတယ်။

ဒီ အပစ်ရပ် အဆိုပြုချက်ထဲမှာ ရက်ပေါင်း ၄၀ ခေတ္တ အပစ်ရပ်ဖို့အတွက် အဖမ်းခံနေရတဲ့ အစ္စရေး ဓါးစာခံတွေနဲ့ ထောင်နဲ့ချီ အကျဉ်းကျနေတဲ့ ပါလက်စတိုင်းတွေ လဲလှယ်ဖို့ဖြစ်ကြောင်း ဗြိတိန်ရဲ့ အသေးစိတ်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဖမ်းခံနေရဆဲဖြစ်တဲ့ အစ္စရေးဓါးစာခံတွေ ပြန်လွတ်မြောက်ရေးအတွက် ညှိနှိုင်းဖို့ ၊ အစ္စရေးပြည်သူတွေက အစိုးရကို ဆန္ဒပြ တောင်းဆိုနေချိန်မှာပဲ အစ္စရေးရဲ့ အဆိုပြုတင်ပြချက်ကို ဟားမတ်စ်က စဉ်းစားနေတာ ဖြစ်ပါတယ်။

ဂါဇာတောင်ပိုင်း ရာဖါမြို့က ဟားမတ်စ် အမာခံတွေကို ထိုးစစ်ဆင်ဖို့စီစဉ်နေကြောင်း အစ္စရေးက ထပ်တလဲလဲ သတိပေးနေတာပါ။ အဲဒီရာဖါမှာ အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုကြောင့် ထွက်ပြေးခိုလှုံနေတဲ့ ပါလက်စတိုင်း ၁ သန်းလောက် ရှိနေတာဖြစ်ပြီး တကယ်လို့ အစ္စရေးက ရာဖါကို ထိုးစစ်ဆင်ရင် ဒေသခံ အရပ်သား အများအပြား သေဆုံးမယ့်အပြင် ဂါဇာကမ်းမြောင်ဒေသတခုလုံးအတွက် လူသားစာနာမှု အကူအညီပေးတာတွေ အကြီးအကျယ် ထိခိုက်ကုန်မှာဖြစ်ကြောင်း ကုလသမဂ္ဂ UNOCHA အဖွဲ့က ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Forum

XS
SM
MD
LG