သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကုလသတိပေး


ပဋိပက္ခဖြစ်နေတဲ့နေရာတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေအရေး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Pramila Patten
ပဋိပက္ခဖြစ်နေတဲ့နေရာတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေအရေး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Pramila Patten

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ဖွင့်မပြောရဲအောင် နှုတ်ပိတ်ဖို့ အသက်ကိုရန်ရှာတဲ့ တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့နှစ်မှာ မကြုံစဖူး တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖေါ်ပြပါတယ်။ ပဋိပက္ခဖြစ်နေတဲ့နေရာတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေအရေး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Pramila Patten က မနေ့ ဧပြီ ၂၃ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ၂၀၂၃ ခုနှစ်ဆိုင်ရာ အစီရင်ခံစာ တင်သွင်းပါတယ်။

“အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေကို မတရားပြုကျင့်သူက နောက်ပိုင်းမှာ သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေကို ကွန်ဂို သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း တွေ့ရပါတယ်။ ဒါဟာ ရာဇဝတ်မှုခင်းဆိုင်ရာ အရေးယူနိုင်စွမ်း၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူအပြစ်ပေးတဲ့ လုပ်ငန်းစဉ်တွေ ခိုင်မာအားကောင်းဖို့ လိုသလို မတရားပြုကျင့်ခံရသူတွေနဲ့ မျက်မြင်သက်သေတွေကို အကာအကွယ်ပေးနိုင်ဖို့ လိုနေပြီဆိုတာ ပြသနေပါတယ်” - လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Pramila Patten က ပြောဆိုသွားတာပါ။

ကျားမ တန်းတူ ညီမျှမှုနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ရှာဖွေရာမှာ လူ့အဖွဲ့အစည်းကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီဆိုတာ သူက ပြောဆိုသွားပါတယ်။ ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခုအဖြစ် သေနတ်သံတွေတိတ်ပြီး အမျိုးသမီးတွေရဲ့ အသံကို ပိုပြီးကြားနိုင်အောင် ထုတ်ဖေါ်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်တရပ်လို့လည်း Pramila Patten က ပြောဆိုသွားပါတယ်။

အစီရင်ခံစာဟာ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကမ္ဘာတဝန်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အတည်ပြုနိုင်တဲ့ အမှုပေါင်း ၃,၆၀၀ ကျော်ကို ဖေါ်ပြထားပြီး အရင်နှစ်ကထက် ငါးဆယ်ရာခိုင်နှုန်း တိုးလာတာကို ထောက်ပြထားတာပါ။ သေနတ်တွေသာ ပျံ့နှံ့မနေခဲ့ရင် လက်ရှိ ဆူဒန်နိုင်ငံမှာ တွေ့နေရတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုးတွေ မြင်ရဖို့ မရှိဘူးလည်း Pramila Patten က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG