သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားရေး လှုပ်ရှားသူ ဒေါ်ခိုင်ဇာအောင် နော်ဝေအလုပ်သမားသမဂ္ဂ ဆုချီးမြှင့်


မြန်မာအလုပ်သမားရေး လှုပ်ရှားသူ ဒေါ်ခိုင်ဇာအောင်
မြန်မာအလုပ်သမားရေး လှုပ်ရှားသူ ဒေါ်ခိုင်ဇာအောင်

နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ ၂၀၂၄ ခုနှစ်အတွက် Arthur Svensson ခေါ် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို မြန်မာနိုင်ငံက အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင်ကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။

ဒီဆုချီးမြှင့်ခံရချိန်မှာ မြန်မာနိုင်ငံအတွင်း ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အလုပ်သမားတွေအတွက် စိတ်မကောင်း ဖြစ်မိတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအကျိုးခံစားခွင့်တွေ ရပ်ဆိုင်းရေးနဲ့ စစ်ကောင်စီအတွက် လက်နက်နဲ့ ငွေကြေး စီးဆင်းမှုတွေ ဖြတ်တောက်နိုင်အောင် ကြိုးပမ်းပေးဖို့ အီးယူ၊ နိုင်ငံတကာ အစိုးရတွေနဲ့ အာဆီယံနိုင်ငံတွေ၊ နိုင်ငံတကာ အလုပ်သမားသမဂ္ဂတွေကို တိုက်တွန်းတဲ့အကြောင်း ဒေါ်ခိုင်ဇာအောင်က ပြောဆိုပါတယ်။

ဒေါ်ခိုင်ဇာအောင်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ဂျာမနီနိုင်ငံမှာ နေထိုင်သူ ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေသူ ဖြစ်တဲ့အကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ITUC က ပြောဆိုပါတယ်။

Arthur Svensson ခေါ် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို နော်ဝေနိုင်ငံ အလုပ်သမား သမဂ္ဂက ၂၀၁၀ ခုနှစ်ကတည်းက ချီးမြှင့်ခဲ့တာပါ။ နော်ဝေနိုင်ငံက ကွယ်လွန်သူ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ Arthur Svensson ကို ဂုဏ်ပြုပေးအပ်တဲ့ဆုဖြစ်ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ လေးသောင်းခုနှစ်ထောင်နဲ့ ညီမျှတဲ့ ခရူနို ငါးသိန်း ချီးမြှင့်လေ့ရှိပါတယ်။ နှစ်စဉ် ဂျုလိုင်လလယ်မှာ ဆုပေးပွဲ အခမ်းအနား ကျင်းပလေ့ရှိပြီး ဆုကြေးတဝက်ကို အလုပ်သမား သမဂ္ဂအခွင့်အရေးနဲ့ သက်ဆိုင်တဲ့ စီမံချက်တွေအတွက် အသုံးပြုလေ့ရှိပါတယ်။ မြန်မာနိုင်ငံက ဒေါ်ခိုင်ဇာအောင် အပြင် မက္ကဆီကို၊ ရုရှား၊ ကမ္ဘောဒီးယား၊ ဇင်ဘာဘွေ စတဲ့ တခြားနိုင်ငံက အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေလည်း ဆုတွေ အရင်က ရရှိခဲ့ဖူးပါတယ်။

Forum

XS
SM
MD
LG