သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုးကျိုးပေးတဲ့ ပလတ်စတစ်သုံးစွဲမှုလျှော့ချဖို့ မြန်မာသဘာ၀ပတ်၀န်းကျင်အရေးလှုပ်ရှားသူတွေ လှုံ့ဆော်


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သန့်မြန်မာအဖွဲ့မှ လှုံ့ဆော်နေသည့် မှတ်တမ်းပုံ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သန့်မြန်မာအဖွဲ့မှ လှုံ့ဆော်နေသည့် မှတ်တမ်းပုံ

တခါသုံး ပလတ်စတစ်သုံးစွဲမှုတွေဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးကို အလွန်ထိခိုက်စေတာကြောင့် တတ်နိုင်သမျှ လျှော့ချဖို့ မြန်မာသဘာ၀ပတ်၀န်းကျင်အရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူတွေရဲ့အသံတွေကို စုစည်းပြီး ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

နှစ်စဉ် ဧပြီလ ၂၂ ရက်နေ့ဟာ မြေကမ္ဘာနေ့ Earth Day ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ မြေကမ္ဘာနဲ့ ပလတ်စတစ် "Planet vs. Plastics" လို့ ဖော်ညွှန်းထားပါတယ်။ တနေ့ထက်တနေ့ ဆုတ်ယုတ်လာတဲ့ ရာသီဥတုဒဏ်ကို လူသားတွေ ခံစားနေရပြီး လူတွေရဲ့ နေထိုင်မှုပုံစံတွေနဲ့လည်း ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်က သက်ဆိုင်နေတာပါ။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အထဲမှာ ပလတ်စတစ် ပြဿနာက တော်တော်လေး ဆိုးရွားလာနေတယ်လို့ သန့်မြန်မာအဖွဲ့ရဲ့ လေ့ကျင့်ရေးနှင့် အမူအကျင့်ပြောင်းလဲရေး အစီအစဉ် မန်နေဂျာ မနှင်းဝေက ပြောပါတယ်။

"ဒီနှစ် Earth Day ရဲ့ theme က "Planet vs. Plastics" ပါ။ ဆိုတော့ ကမ္ဘာကြီးမှာ Plastic pollution နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေက တဖြည်းဖြည်းနဲ့ သိသာစွာ ဆိုးရွားလာနေပါတယ်။ အခုဆိုရင် ရာသီဥတုကလည်း အရင်နှစ်တွေကထက် ပိုပြီးတော့ ပူပြင်းလာတာကို လူတိုင်းကလည်း သတိပြုလာကြတယ်။ ဒီအတိုင်းသာ ပြည်သူတွေက ဆက်လက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက်ကို အသိမရှိသေးဘူးဆိုရင် ဒီထက်ပိုပြီး ဆိုးရွားလာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ခံစားလာရတော့မှာပါ။"

ဒီထက်ပိုပြီး သဘာဝပတ်ဝန်းကျင် ဆိုးရွားမလာအောင် နေ့စဉ်နေထိုင်မှုဘဝကနေ ပြောင်းလဲနိုင်ပါတယ်။ တဦးတယောက်ချင်းစီ အနေနဲ့ ဘယ်လိုတွေ လုပ်ဆောင်ပေးနိုင်မလဲဆိိုတာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး လုပ်ဆောင်နေတဲ့ သန့်မြန်မာအဖွဲ့က အခုလို တိုက်တွန်းထားပါတယ်။

"ပတ်ဝန်းကျင်ကို များစွာထိခိုက်မှု ပေးနေတဲ့ တခါသုံးပလတ်စတစ်တွေကို လျှော့ချသုံးစွဲခြင်းက ကိုယ့်အနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အလွယ်ကူဆုံး ပါဝင်လို့ရတဲ့ နည်းလမ်းပါ။ လုံးဝမသုံးနိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမဲ့ မဖြစ်မနေ အသုံးပြုရမယ်ဆိုရင်တောင် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ တခါသုံးပလတ်စတစ်တွေကို လျှော့ပြီးတော့ သုံးစွဲခြင်းဖြင့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ သဘာဝပတ်ဝန်းကျင်ကြီးအတွက် ပါဝင်ပေးပါလို့ တိုက်တွန်းချင်ပါတယ်။"

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရင်း အပူဒဏ်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲက တခုဖြစ်တဲ့ သစ်ပင်စိုက်တာကိုလည်း အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ မြေကမ္ဘာနေ့ အထိမ်းအမှတ်အဖြစ်နဲ့ စုပေါင်းသစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့တဲ့ Bokashi Myanmar ကလည်း အပူလျော့အောင် အပင်များများစိုက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကနေ့မှာ ဆောင်ရွက်ဖြစ်ခဲ့တာလို့ ပြောပါတယ်။

စိမ်းလန်းစိုပြေတဲ့ ကမ္ဘာမြေဖြစ်စေဖို့ တဖက်တလမ်းကနေ သစ်ပင်စိုက်ပျိုးသလို စွန့်ပစ်ပစ္စည်းတွေကို မြေဩဇာအဖြစ် ပြန်လည်အသုံးချပြီး အမှိုက်လျှော့ချနိုင်ဖို့ကိုလည်း ရည်ရွယ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဘိုကာရှီမြန်မာအဖွဲ့ တည်ထောင်သူ ကိုအင်ဒါအောင်စိုးက အခုလို ပြောပါတယ်။

"သဘာဝထွက် စွန့်ပစ်ပစ္စည်းတွေက အမှိုက်မဟုတ်ပါ ဆိုပြီးတော့ သဘာဝထဲက ပြေပျောက်နိုင်တဲ့ သစ်ရွက်တွေ၊ မြက်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ စျေးကထွက်တဲ့ အမှိုက်တွေ၊ မီးဖိုချောင်ကထွက်တဲ့ အမှိုက်တွေကို မြေဆွေး မြေဩဇာလုပ်ပြီးတော့ ပြန်ပြီး စိုက်ပျိုးရေးလုပ်ဖို့အတွက် Clean and Green ပေါ့နော်။ ပြီးတော့ ကျနော်တို့ ပြောလေ့ရှိတာကတော့ Towards a Cleaner and Greener Future ပေါ့လေ။ ပိုမိုသန့်ပြန့်ပြီးတော့ ပိုမိုစိမ်းလန်းတဲ့ ကမ္ဘာသစ်တခုဆီသို့ ဆိုပြီးတော့ ပြောနေကြပေါ့၊ ကျနော်တို့ဆောင်ပုဒ်က။ အဲဒီသဘောနဲ့ လုပ်တာဆိုတော့ အပင်သာ များများစိုက်ကြဖို့နဲ့ အမှိုက်တွေကို လျှော့ချဖို့။ လျှော့ချတဲ့နေရာမှာလည်း လျော့တော့ လျော့မှာမဟုတ်တဲ့ အတွက်ကြောင့်မို့ သူ့ကိုမြေဆွေးလုပ်ပြီး ပြန်အသုံးချပေါ့။ အဲလိုမျိုးပဲ ကျနော်တို့က ရည်စူးပြီးလုပ်တာပါ။"

အပင်စိုက်တဲ့ နေရာမှာလည်း ကိုယ့်ရဲ့ဒေသတွင်း မျိုးရင်းတွေကို စိုက်ပျိုးတာ ပိုကောင်းတယ်လို့ သူက တိုက်တွန်းထားပါတယ်။ တခါသုံး ပလတ်စတစ် သုံးစွဲမှုလျှော့ချတာ၊ အပင်စိုက်ပျိုးတာနဲ့ စွန့်ပစ်အမှိုက်တွေကို ပြန်လည်အသုံးချတဲ့ နည်းလမ်းတွေက တဦးချင်းစီ လုပ်ဆောင်နိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနည်းတွေလည်း ဖြစ်ပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်နိုင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ INC ကလည်း ကနေဒါနိုင်ငံ Ottawa မှာ လာမယ့် ၂၄ ကနေ ၂၉ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG