သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရွေးကောက်ပွဲအလားအလာ အကြိုခန့်မှန်းချက်


အိန္ဒိယရွေးကောက်ပွဲ
အိန္ဒိယရွေးကောက်ပွဲ

အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကို (၇)ရက်ခွဲပြီး ကျင်းပတဲ့အနေနဲ့ ကြာသပတေးနေ့က စတင်ခဲ့ရာမှာ အာဏာရ ဘာရပ်တီယားဂျနာတာဒါး BJP ပါတီကသာ အနိုင်ရနိုင်ချေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အိန္ဒိယရှိ မြန်မာနွယ်ဖွားတွေကို မေးမြန်းကြီး ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။


ကမ္ဘာအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲကို တရက်ထဲ တပြိုင်တည်း ကျင်းပတာမဟုတ်ပဲ ၇ ရက်ခွဲပြီး ကျင်းပရာမှာ မနေ့က စတင်ခဲ့ပါတယ်။ ရှေ့လဇွန်လ တရက်နေ့မှာ နောက်ဆုံးရက်အနေနဲ့ ကျင်းပပြီးရင်တော့ အနိုင်အရှုံး သိရမှာဖြစ်ပါတယ်။ အဓိကတော့ လက်ရှိအာဏာရ BJP ပါတီနဲ့ အတိုက်အခံ ကွန်ကရက်ပါတီ ဦးဆောင်တဲ့ INDIA လို့ အတိုကောက်ခေါ်တဲ့ မဟာမိတ်အဖွဲ့ကြီး ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ မနေ့က ရွေးကောက်ပွဲမှာ ပြည်နယ် ၂၁ ခုမှာ ယှဉ်ပြိုင်ရာမှာ အဓိက အဆုံးအဖြတ်ပေးတဲ့ ဥတရာပရာဒေ့ရှ်ပြည်နယ် ၊အနောက်ဘင်ဂေါပြည်နယ်နဲ့ တမဲလ်နာဒူးပြည်နယ် တို့လည်းပါဝင်ကြပါတယ်။

မနေ့က စတင်ခဲ့တဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တော်မှာ နေထိုင်တဲ့ ဦးညိုထွန်းက အခုလို အချက်အလက်နဲ့တကွ သုံးသပ်ပြပါတယ်။

" ရွေးကောက်ပွဲက ၇ ရက်ကျင်းပရာမှာ ဒီကနေ့ စတာ။ ဘီဂျေပီ ပါတီပဲ အပြတ်အသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။ ဒီကနေ့ ၂၁ ပြည်နယ်ယှဉ်ပြိုင်ကြတယ်။ အဓိက ကတော့ ဥတာရာပရာဒေ့ရှ် ပြည်နယ်၊ အနောက်ဘင်ဂေါပြည်နယ်နဲ့ တမဲလ်နာဒူးပြည်နယ်တွေက အဆုံးအဖြတ်ပေးနိုင်တယ်။"

အလားတူ အိန္ဒိယတောင်ပိုင်း တမဲလ်နာဒူးပြည်နယ်မှာဆိုရင်လည်း အမျိုးသားရေး ဒွာဝေဒီယံ ပါတီကြီး ၂ ခုကသာ ပြည်နယ်အစိုးရအဖြစ် တလှည့်စီ အာဏာရရှိလာခဲ့သလို သူတို့ပါတီ ၂ ခုကပဲ အဓိက ဗဟို ပါလီမန်ရွေးကောက်ပွဲတွေမှာ အများစု အနိုင်ရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း မနေ့က ရွေးကောက်ပွဲမှာတော့ ဗဟိုမှာ အာဏာရ ဘာရပ်တီယား ဂျနာတာဒါပါတီ BJP ပါတီက တမဲလ်နာဒူးပြည်နယ်ရှိ ဗဟို လွှတ်တော်အမတ်နေရာ ၃၉ နေရာမှာ ၁၀ နေရာ ၁၂ နေရာလောက်အထိ ရရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါဟာ လာမယ့် ပြည်နယ် ရွေးကောက်ပွဲတွေမှာ ပြည်နယ်အစိုးရဖြစ်တဲ့ အမျိုးသားရေး ဒွာဝေဒီယံပါတီတွေကို ဖယ်ရှာနိုင်တော့မယ့် အရိပ်လက္ခဏာဖြစ်တယ်လို့ တမဲလ်နာဒူးပြည်နယ်၊ အရင် မဒရပ်မြို့တော်ကို နာမည်ပြောင်းထားတဲ့ ချနိုင်းမြို့မှာ နေထိုင်တဲ့ ဦးကူးမားက ပြောပါတယ်။

" ဒီ တမဲလ်နာဒူးပြည်နယ်မှာက ၃၉ နေရာပြိုင်ကြတယ်။ ဒွါဝေဒီယံ ပါတီတွေဖြစ်ကြတဲ့ အမျိုးသားရေးပါတီ ၂ ခုကပဲ နှစ်ပေါင်း ၆ဝ အုပ်ချုပ်လာတာ။ သူတို့က ခိုးလာတာ ကြာပြီ။ အခု ဘီဂျေပီပါတီက အရင်က ၂ နေရာလောက်ပဲရတာကနေ အခုဆိုရင် ၁၀ နေရာ ဒါမှမဟုတ် ၁၂ နေရာ ရနိုင်တယ်။ "

ဘီဂျေပီက တောင်ပိုင်းမှာ အစပျိုးခြေကုပ်ယူနေပြီး အခု ရွေးကောက်ပွဲမှာ အာဏာရ ဘာရပ်တီးယား ဂျာနာတာဒါးပါတီ BJP က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ အနေနဲ့ နိုင်ငံရဲ့ လူများစု ဟိန္ဒူဘာသာရေးကို သိသိသာသာ အသုံးချသလို ၊ တဖက်ကလည်း မဲဆန္ဒရှင် အမျိုးသမီးထုကြီးကို သက်သာချောင်ချိရေး အစီအစဉ်တွေနဲ့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

တဖက်ကလည်း လူဦးရေများပြီး လွှတ်တော်အမတ် အများစုရှိတဲ့ ပြည်နယ်ကြီးတွေကိုသာ အာရုံထား ဦးစားပေးသလို တခြားတဖက်ကလည်း လူဦးရေနည်းပြီး အမတ်အင်အား နည်းပါးလွန်းတဲ့ ပြည်နယ်တွေကို ဥပက္ခာပြုတယ်ဆိုပြီး စွပ်စွဲချက်ခံနေရပါတယ်။

တဖက်က ဆိုနီယာဂန္ဒီ နဲ့ သားဖြစ်သူ ရာဟု့ဂန္ဒီ တို့ ဦးဆောင်တဲ့ အတိုက်အခံ ကွန်ကရက်ပါတီ ကလည်း အင်အားကြီး ပြည်နယ်ပါတီတွေအများစုနဲ့ အတိုကောက် INDIA ဆိုတဲ့အမည်နဲ့ မဟာမိတ်ဖွဲ့ထားပေမယ့် စုစည်းမူအပိုင်းမှာ လျော့တိလျော့ရဲ နိုင်လွန်းပါတယ်။

ဒါကြောင့် အခု အိန္ဒိယ ဗဟိုရွေးကောက်ပွဲ လက်ရှိအာဏာရ ဘာရပ်တီးယား ဂျနာတာဒါး BJP ပါတီက သာ အနိုင်ရနိုင်ချေရှိတယ်လို့ ပြည်တွင်း၊ ပြည်ပ လေ့လာသူတွေက ခန့်မှန်းပြီး နာရင်ဒရာမိုဒီ သာလျှင် ဝန်ကြီးချုပ်တာဝန်ကို တတိယအကြိမ်ထမ်းဆောင်ခွင့်ရလိမ့်မယ်လို့ ပြောဆိုရေးသားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG