သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီချစ်ကြည်ရေးတံတား(၂)ကို KNLA/PDF အပြီးသတ်ရှင်းလင်း


တိုက်ပွဲဖြစ်ပွားရာ မဲဆောက်-မြဝတီတံတားအနီး ထိုင်းစစ်တပ် လုံခြုံရေးယူထားစဉ်
တိုက်ပွဲဖြစ်ပွားရာ မဲဆောက်-မြဝတီတံတားအနီး ထိုင်းစစ်တပ် လုံခြုံရေးယူထားစဉ်

ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီကုန်သွယ်ရေး အဓိကလုပ်တဲ့ ချစ်ကြည်ရေးတံတား (၂) မြဝတီဘက်ခြမ်းမှာ ခိုအောင်းနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA မဟာမိတ်တပ်တွေ စီးနင်းတိုက်ခိုက်ပြီး အပြီးသတ်ရှင်းလင်းနိုင်ပြီလို့ KNLA /PDF ပူးပေါင်းတပ်တွေကပြောပါတယ် ။ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့က ချစ်ကြည်ရေးတံတား အမှတ် (၂)မှာ ခိုအောင်းနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA /PDF ပူးပေါင်းတပ်တွေက မနေ့ညကတည်းက ဒရုန်းတွေနဲ့ စတင်ပစ်ခတ်ပြီး ရှင်းလင်းခဲ့တာပါ။ တညလုံးတိုက်ပွဲဖြစ်ခဲ့ပြီး မနက်ပိုင်းမှာတော့ ချစ်ကြည်ရေးတံတားအနီး ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်လက်ကျန် ခလရ ၂၇၅ က တပ်သားတွေကို ပိတ်ဆို့ ရှင်းလင်းနိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဘက်ကခေါင်းဆောင်တဦးက VOAကိုပြောပါတယ်။

"မနက်ဝေလီဝေလင်းထဲကနေ တိုက်ပွဲတွေဖြစ်နေတာ ညကတည်းကဒရုန်းနဲ့ပစ်တယ်လေ၊ ဒီမနက်ကတော့ ထ ရှင်းတာပေါ့ လေယာဉ်ကလည်းလာတယ် လေးငါးကြိမ်ပစ်နေတာ။"

မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကို KNU/PDF တပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တဲ့နောက်၊ အဲဒီက လက်ကျန်တပ်သားတွေဟာ စခန်းက ဆုတ်ခွာပြီး ချစ်ကြည်ရေးတံတားအမှတ် ၂မှာ ခိုအောင်းနေကြတာပါ။ အဲဒီမှာ ထိုင်းဘက်ခြမ်းကို ကျောပေးပြီး
ကော့ကရိတ်ဘက်က လာတဲ့ စစ်ကူတွေကို စောင့်နေပုံရပါတယ်။ လက်နက်ချခိုင်းတာကို မချပဲပြန်လည်ခုခံနေတဲ့အတွက် ပိတ်ဆို့ပြီးတိုက်နေရတာဖြစ်ပြီး၊ ထိုင်းဘက်ခြမ်းဘက်နဲ့နီးနေတဲ့အတွက် ထိုင်းဘက်ကို လက်နက်ကျည်ဆံတွေမကျရောက်အောင် သတိထားပြီးလုပ်ဆောင်နေရတယ်လို့ KNLA/PDF တပ်တွေဘက်က ပြောပါတယ်။

ညကတည်းက တိုက်ပွဲကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြပါတယ်။

" ညကတည်း တိုက်နေတာ တံတား၂နားမှာ လေယာဉ်သံတွေရော၊ ပစ်ခတ်သံတွေရော ကြားရပါတယ်။"

နောက်ဆုံးရတဲ့သတင်းအရတော့ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အမှတ် ၂ မှာ ခိုအောင်းနေတဲ့ ခလရ ၂၇၅က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အပြီးသတ်ရှင်းလင်းလိုက်နိုင်ခဲ့ပြီလို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာရမှုတွေရှိသလို ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချသလား ထွက်ပြေးသွားကြသလားဆိုတာ မရှင်းလင်းသေးပါဘူး။ ထိခိုက်သေဆုံးမှုတွေရှိတယ်သိရပေမယ့်၊ သတင်း အတိအကျမရသေးပါဘူး။ စစ်ကောင်စီဘက်လည်းသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနီးအနား ဒေသံ နှစ်ရာကျော်လောက် ထိုင်းဘက်ခြမ်းကို ထွက်ပြေးကြရတယ်လို့လည်း သိရပါတယ်။ နောက်ထပ်လည်း ထပ်ပြီးထွက်ပြေးဖို့အတွက်သောင်ရင်းမြစ်တလျောက်မှာ လူအစုအဝေးနဲ့စောင့်နေကြတာတွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားရာ တံတားအမှတ် ၂ နား ထိုင်းဘက်ခြမ်းမှာတော့ ထိုင်းစစ်တပ်လုံခြုံရေးတွေ အထူးတင်းကြပ်ထားပါတယ်။

Forum

XS
SM
MD
LG