သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပမှာ ပိုစည်ကားနေတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲ 


နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဧပရယ်လ ၁၃ ရက်နေ့ စနေနေ့က ကျင်းပခဲ့တဲ့ တော်လှန်သင်္ကြန် အခမ်းအနားမြင်ကွင်း။ (Photo: GarGuu)
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဧပရယ်လ ၁၃ ရက်နေ့ စနေနေ့က ကျင်းပခဲ့တဲ့ တော်လှန်သင်္ကြန် အခမ်းအနားမြင်ကွင်း။ (Photo: GarGuu)

မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် အချိန်မှာ နိုင်ငံတကာရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသား လူမျိုးစုံကလည်း မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ပွဲတွေနဲ့ သင်္ကြန်ပွဲတော်တွေ ကျင်းပနေကြပါတယ်။ စနေနေ့က နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်က တော်လှန်သင်္ကြန် အမည်နဲ့ ပွဲမှာတော့ သင်္ကြန် အကအလှတွေ ဖျော်ဖြေပြီး ရိုးရာ အစားသောက်တွေ ရောင်းချ ရန်ပုံငွေ ရှာခဲ့ပါတယ်။ အဲဒီပွဲမှာ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ ဝန်ကြီး တဦးဖြစ်တဲ့ ဒေါက်တာ ဝင်းမြတ်အေးလည်း တက်ရောက်ပြီး လူထုတွေ့ဆုံပွဲ လုပ်ခဲ့သလို ပြည်သူကို ကူညီကြတဲ့ အဝေးရောက် မြန်မာအသိုင်းအဝန်းကို အားရကျေနပ်ကြောင်း ပြောခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းမှာတော့ သင်္ကြန်အကြိုနေ့တုန်းက ရန်ကုန်၊ မန္တလေးလို အရင်က ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိတဲ့ မြို့ကြီးတွေမှာ ရေကစားသူတွေ မရှိသလောက် နည်းပါးနေကြောင်း မြိုခံတွေက ဆိုရှယ်မီဒီယာတွေမှာ ရေးသားကြပါတယ်။ လူမှုကွန်ရက်နဲ့ မီဒီယာတွေက ဓာတ်ပုံနဲ့ ရုပ်သံတွေမှာလည်း အရင်က ကားတွေတန်းစီပြီး ပိတ်ဆို့နေတဲ့ ရန်ကုန် မြို့လယ်က မြို့တော်ဝန်မဏ္ဍပ်လို နေရာမျိုးတွေမှာ ရေတွေ ပက်နေတာကို မြင်ရပေမယ့် လာရောက် ရေပက်ခံကြသူတွေ နည်းပါးနေတာကို တွေ့ရပါတယ်။

ရန်ကုန်သင်္ကြန် အကျနေ့ (April 13, 2024)
ရန်ကုန်သင်္ကြန် အကျနေ့ (April 13, 2024)

နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နေပြည်တော် နယ်မြေမှာ နှစ်ကြိမ်ထက်မနည်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခံနေရချိန်မှာပဲ သင်္ကြန်ပွဲတော်ကို စစ်ကောင်စီဘက်ကတော့ စည်စည်ကားကား ဖြစ်အောင် ကြိုးစားနေတာပါ။

တောင်ကိုရီးယားနိုင်ငံက ဖျော်ဖြေတင်ဆက်သူတွေကို ဖိတ်ကြားတာမျိုးကိုလည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ နေပြည်တော် လမ်းလျှောက် သင်္ကြန်အကြိုနေ့မှာ လာရောက်လည်ပတ်နေသူတွေနဲ့ စည်ကားနေကြောင်းလည်း မျက်နှာဖုံး သတင်းတွေနဲ့ ဖော်ပြကြသလို မြို့တော်ဝန် မဏ္ဍပ်နဲ့ စစ်ကောင်စီ ဝန်ကြီးဌာန အသီးသီးရဲ့ မဏ္ဍပ်ဖွင့်ပွဲတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တပြိုင်တည်းမှာပဲ ဒေသတွင်း နိုင်ငံတွေမှာတော့ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း အဖြစ် မနှစ် ဒီဇင်ဘာတုန်းက သတ်မှတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဆုန်ခရမ် (Songkran) ရေကစားပွဲတော် အပါအဝင် တရုတ် ယူနန်ပြည်နယ်နဲ့ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ရိုးရာ နှစ်သစ်ကူး ရေကစားပွဲတော်တွေ စည်စည်ကားကား ကျင်းပနေကြပါတယ်။ အဲဒီ ပွဲတော်တွေကိုလည်း နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ အများအပြား လာရောက်လည်ပတ်တာကိုလည်း တွေ့မြင်ရပါတယ်။

ထိုင်း SONGKRAN သင်္ကြန်
ထိုင်း SONGKRAN သင်္ကြန်

ထိုင်း ဆုန်ခရမ် ပွဲတော်ကို စနေနေ့က စတင်ပြီး သုံးရက်ကြာ ကျင်းပမှာ ဖြစ်ပေမယ့် မိသားစုတွေနဲ့ နိုင်ငံတကာ ခရီးသွားတွေဟာ လာမယ့် တပတ်လုံးလိုလို ပွဲတော်ကို ဆင်နွှဲကြမှာ ဖြစ်ပါတယ်။ ထိုင်းသင်္ကြန်ပွဲဟာ နိုင်ငံတကာမှာလည်း အလွန် ရေပန်းစား လူသိများပြီး ဒီနှစ် မှာ နိုင်ငံခြားခရီးသွားဧည့်သည် ၅၀၀,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ပြီး ဝင်ငွေ ဘတ် ၂၄ ဘီလီယံ (ဒေါ်လာ ၆၅၅ သန်း) ကျော် ရရှိမယ်လို့ ခန့်မှန်းထားကြောင်း နိုင်ငံပိုင်ခရီးသွားလုပ်ငန်းအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ ဆိုရင်လည်း ဒေသခံ ဒိုင်လူမျိုးများတွေနဲ့ ခရီးသွားဧည့်သည်တွေဟာ ရေကစားပွဲတော်ကို ဧပြီလ (၁၃) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ ကျင်းပနေပါတယ်။ ဒီပွဲတော်ဟာ တရုတ်နိုင်ငံက Dehong Dai နဲ့ Jingpo ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနဲ့ ယူနန်ပြည်နယ် Xishuangbanna Dai ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွေထဲက ဒိုင်လူမျိုးတွေရဲ့ အလေးမြတ် ပြုတဲ့ အရေးကြီး ပွဲတော်တွေထဲက တခု ဖြစ်ပါတယ်။ အလားတူပဲ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာလည်း ဒေသခံတွေနဲ့ နိုင်ငံခြားခရီးသွားတွေဟာ ခမာနှစ်သစ်ကူးပွဲတော်ကို သီချင်း၊ အကတွေနဲ့ အတူ ရေကစား ဆင်နွှဲနေကြပါတယ်။

ခုလို နှစ်သစ်ကူးသင်္ကြန်ကာလ ကျင်းပနေတဲ့ မြန်မာအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ်၊ နီပေါ၊ သီရိလင်္ကာ နိုင်ငံကပြည်သူတွေ အေးချမ်းသာယာ ပျော်ရွှင်ပါစေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ကတော် ဂျေးဘိုင်ဒန်တို့ကလည်း ဆုတောင်းမေတ္တာ ပို့သတယ်လို့ ဆိုရှယ်မီဒီယာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG