သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ မမေ့နိုင်တဲ့ "ပဇီကြီး" ဖြစ်ရပ်ဆိုး


စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာက အပျက်အစီးမြင်ကွင်း။ (Photo: C J )
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာက အပျက်အစီးမြင်ကွင်း။ (Photo: C J )

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်တာကြောင့် လူပေါင်း ၁၀၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ပဇီကြီး ကျေးရွာက ဒေသခံတွေဟာ ၁ နှစ်ပြည့်သွားပေမယ့် စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေထိုင်နေရတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးကို ဒီကနေ့အထိ မမေ့နိုင်ကြသေးဘူးလို့လည်း ဆိုပါတယ်။ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု ၁ နှစ်ပြည့် အခြေအနေတွေကို ကိုရဲမွန်က ပြောပြပါမယ်။


ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက် မနက် ၈ နာရီအချိန်က စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာက ပြည်သူ့အုပ်ချုပ်ရေး ရုံးဖွင့်ပွဲကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃၈ ဦး အပါအဝင် လူပေါင်း ၁၇၄ ဦး သေဆုံးခဲ့ရပါတယ်။

ကျေးရွာရဲ့ အုပ်ချုပ်ရေး ရုံးဖွင့်ပွဲမှာ အကျွေးအမွေးတွေနဲ့ ဧည့်ခံလို့ ရွာသူ ရွာသားတွေအပြင် အနီးပတ်ဝန်းကျင်ကရွာတွေက ဒေသခံတွေပါ ရောက်ရှိနေချိန် တိုက်ခိုက်ခံရတဲ့အတွက် အခုလို အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီတိုက်ခိုက်ခံရမှုဟာ အခုဆိုရင် ၁ နှစ်ပြည့်ပြီလည်း ဖြစ်ပါတယ်။

၁ နှစ်ပြည့်သွားပြီဖြစ်ပေမယ့် ဒေသခံကျေးရွာသားအချို့က နေအိမ်တွေကို ပြန်နေကြပေမယ့် အများစုကတော့ နောက်ထပ် အဖြစ်ဆိုးကြုံလာရမှာကို စိုးရိမ်တဲ့အတွက် တောတောင်တွေထဲမှာ ယနေ့အထိ နေထိုင်နေရတုန်းပါ။ အချိန်ကာလ ၁ နှစ်ပြည့်ပေမယ့် သူတို့ကြုံတွေ့နေရတဲ့ စိုးရိမ်စိတ်နဲ့ ပတ်သက်လို့ ပဇီကြီးကျေးရွာ ဒေသခံ ၁ ဦးဖြစ်တဲ့ ဦးတင့်ဆွေက အခုလို ပြောပါတယ်။

“ရွာနဲ့မနီးမဝေး တောထဲမှာ နေကြရတာ။ ရွာထဲမှာကို မနေရဲကြဘူး။ ကျွန်တော်တို့က ဘာမှမတတ်နိုင်တော့ ကျေနပ်မှုမရှိဘူးဆိုပေမယ့် ကိုယ်မှ ဘာမှ မတတ်နိုင်တာကြီးကိုဗျ။ ခံတော့ ခံစားရတာပေါ့ဗျာ။ လေယာဉ်တက် လာတဲ့အခါ ကလေးလူကြီး အကုန်လုံးပေါ့လေ ကြောက်လန့်နေကြတာ အခုထက်ထိပေါ့လေ။ အဲ့ဒါကလည်း ကျွန်တော်တို့က ကြုံတွေ့လာရတာကို ကျွန်တော်တို့ရွာ ကြောက်စိတ်ကတော့ ကျွန်တော်တို့လည်း ကျန်ရှိတဲ့ လူတွေကို နှစ်သိမ့်စကားပြောပေမယ့်လည်း လေယာဉ်တို့ဘာတို့ တက်လာတဲ့အခါ ကြောက်တယ်။ အခုဆို အဲ့ရက်ရောက်တော့ ရွာထဲမှာ လူစုလူဝေးတောင် မလုပ်ကြဘူး။”

စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုအတွင်း ဦးတင့်ဆွေရဲ့ ယောက်ဖ၊ မြေး တွေအပြင် ဆွေမျိုးတော်စပ်သူ တော်တော်များများ သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပဇီကြီးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် KIA အဖွဲ့တို့ ရောက်ရှိ စုဝေးနေတဲ့အတွက် စစ်ဘက် ပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့တာလို့ သတင်း ထုတ်ပြန်ထားပါတယ်။


လက်ရှိအချိန်မှာတော့ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြပေမယ့် ဒီဖြစ်ရပ်ဆိုးအပေါ် ယနေ့အထိ မေ့ပျောက်မရသေးဘူးလို့လည်း ဒေသခံတဦးက ပြောပါတယ်။

“အားလုံးက တသံတည်းထွက်တာက ၁ နှစ်ပြည့်သွားသော်လည်း အချိန်တွေ ကြာသွားသော်လည်း ဒီမိသားစုဝင်ဆုံးရှုံးရတဲ့အပေါ်မှာ အမြဲအောက်မေ့နေတာတွေ မေ့ပျောက်သွားတာတော့မရှိဘူး။ ဒါပေမဲ့ ကျန်တဲ့ အသက်ရှင်ရပ်တည်ရေးအတွက် လှုပ်ရှားနေရတာရှိတယ်။ စိတ်ထဲမှာတော့ ဒါတွေက အမြဲ ထိတ်လန့်နေတယ်ပေါ့နော်။ နောက်တခုက အဓိကတရားခံ စစ်ကောင်စီကို လုံးလုံးမှ မကျေနပ်တဲ့ ပုံစံပေါ့နော်။ အသက်ရှင် ရပ်တည်ရေးအတွက် လုပ်ငန်းတွေလုပ်နေပေမယ့် စိတ်ထဲမှာတော့ မေ့ပျောက်လို့ မရဘူးပေါ့။”

ဒီဖြစ်ရပ်ဆိုးကြီးမှာ ကျန်ရှိတဲ့မိသားစုဝင်တွေဟာ ၁ နှစ်ပြည့်ဖို့ရက်ပိုင်း အလိုမှာ သေဆုံးသွားသူတွေအတွက် ကောင်းမှုကုသိုလ်လုပ်ပြီး အမျှဝေတာတွေကို အကျဉ်းချုပ် လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံတော်သမ္မတရုံးကတော့ ဒီပဇီကြီးဖြစ်စဉ်အပါအဝင် နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ပြီး ထိခိုက်သေဆုံးသူတွေအတွေနဲ့ မိသားစုဝင်တွေအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပဇီကြီးဖြစ်စဉ် ၁ နှစ်ပြည့် ဧပြီ ၁၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အခုလို ထုတ်ပြန်ထားပေမယ့် ပဇီကြီးဖြစ်စဉ်မှာ ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဒီဖြစ်ရပ်ဆိုးကြီးကို ယနေ့တိုင် မေ့မရဘဲ သတိရအောက်မေ့နေတယ်လို့ ဒေသခံတွေက တညီတညွတ်တည်း ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG