သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစီစဉ်တဲ့ ထောက်ပံ့မှု မြန်မာဒေသခံတွေဆီ မရောက်မှာ NGO တွေစိုးရိမ်


ထိုင်းကနေ မြန်မာနိုင်ငံကိုပေးမယ့် စာနာမှုအကူအညီတွေ တင်ဆောင်ထားတဲ့ ယာဥ်တန်း ထိုင်းမြန်မာနယ်စပ် စစ်ဆေးရေးဂိတ်မှာ ရပ်ထားစဥ်။ Thailand, March 25, 2024.
ထိုင်းကနေ မြန်မာနိုင်ငံကိုပေးမယ့် စာနာမှုအကူအညီတွေ တင်ဆောင်ထားတဲ့ ယာဥ်တန်း ထိုင်းမြန်မာနယ်စပ် စစ်ဆေးရေးဂိတ်မှာ ရပ်ထားစဥ်။ Thailand, March 25, 2024.

စစ်ဘေးသင့် မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဥ်သစ်က စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့လို အဖွဲ့အစည်းတွေကြောင့် ထိရောက်မှု မရှိနိုင်ဘူးလို့ အကူညီပေးရေး အဖွဲ့တွေက ထုတ်ဖော်ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်ကို ထိုင်းနိုင်ငံတဆင့် ပေးပို့တဲ့ အဆိုပြုချက်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က သဘောတူထားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအပါအဝင် အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေကတဆင့်ပဲ အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်ရတာ တိုက်ပွဲကြားက ဒုက္ခသည်တွေဆီ အကူအညီတွေ ဖြန့်ဝေပေးဖို့ အခက်အခဲရှိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက ဗွီအိုအေကိုပြောပါတယ်။ "အဖွဲ့အစည်းတွေကို စစ်အစိုးရက စိတ်ကြိုက် ရွေးချယ်ပြီး သူတို့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာပါ။

စစ်တပ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ပေးဖို့ အကူအညီတွေကို စစ်တပ်ဆီပဲ လွှဲပြောင်းပေးတာက ကောင်းမွန်တဲ့ လုပ်ဆောင်ချက် မဟုတ်ဘူး" လို့ ထိုင်း-မြန်မာနယ်စပ် New Myanmar Foundation က အမှုဆောင်ဒါရိုက်တာ ဦးဆန်းအောင်က ဗွီအိုအေကို ပြောပါတယ်။


ဒီ အစီအစဥ်ထဲက ပထမဆုံး အသုတ် အဖြစ် ရိက္ခာနဲ့ ရေ အများစုပါတဲ့ ထရပ်ကား ၁၀ စီးဟာ မတ် ၂၅ ရက်က ထိုင်းနယ်စပ်က တဆင့် မြန်မာနိုင်ံကို ပေးပို့ခဲ့တာပါ။ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းကြက်ခြေနီအသင်းက မြန်မာ ကြည်ခြေနီအသင်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီအကူအညီတွေကို ကရင်ပြည်နယ်ထဲက မြို့ ၃ မြို့မှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၂၀,၀၀၀ ခန့် အတွက် ရည်ရွယ်ပြီး အခု အစီအစဥ◌် အောင်မြင်လာရင် တခြားဒေသတွေကိုလည်း တိုးချဲ့သွားမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအစီအစဉ်ကို ဦးဆောင်နေတဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗွီအိုအေရဲ့ အင်တာဗျူး တောင်းဆိုချက်ကို ငြင်းဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်း အကူအညီပေးပို့မှုတွေကို ဖြန့်ချိပေးဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအပေါ် မှီခိုအားထားနေတာကို အကူအညီပေးရေး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြတာပါ။


အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာနရဲ့ အကူအညီပေးရေးအေဂျင်စီ အကြီးအကဲဟောင်း Adelina Kamal က မြန်မာစစ်အစိုးရက လုပ်ဆောင်တဲ့ ဘယ်လို အကူအညီမျိုးကမှ မျှမျှတတ ရှိမယ်လို့ ယုံကြည်နိုင်မှာမဟုတ်ကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံလို ပဋိပက္ခနဲ့ အကျပ်အတည်းမှာ အကူအညီပေးတာထက် အကူအညီပေးတဲ့ ပုံစံနဲ့ ဘယ်သူက အကူအညီပေးတယ်ဆိုတာတာက ပိုအရေးကြီးပါတယ်။ အခုတော့ ဒီ ပဋိပက္ခအကျပ်အတည်း ဖြစ်အောင် စတင်လုပ်ခဲ့သူက အကူအညီတွေကို ဦးစီးခွင့် ပေးနေတာကြောင့် သူတို့က ဒါကို အသုံးချပြီး သူတို့ သတ်ဖြတ်နေတဲ့ လူထုကြားမှာ ပြန်ပြီး လူကြိုက်များအောင် ဝါဒဖြန့်ဖို့ သက်သက်ပဲ လုပ်သွားမှာ ဖြစ်နိုင်ခြေ အများကြီး ရှိနေပါတယ်” လို့ Kamal က ပြောပါတယ်။

ဒါပေမယ့် ထိုင်းအစိုးရကတော့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး စင်္ကြန်ဖွင့်တာရဲ့ ရည်ရွယ်ချက်က အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆီ ဥ◌ီးတည်လာနိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG