သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ လူကုန်ကူးခံရသူ ဖိလစ်ပိုင် ၆ ဦး ဌာနေပြန်ရောက်


ဖိလစ်ပိုင်မှာ အွန်လိုင်းရာဇဝတ်မှုလုပ်သူများကို ဝင်ရောက်စစ်ဆေး။
ဖိလစ်ပိုင်မှာ အွန်လိုင်းရာဇဝတ်မှုလုပ်သူများကို ဝင်ရောက်စစ်ဆေး။

မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းတွေမှာ လူကုန်ကူးခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးကို ပြန်ခေါ်ယူနိုင်ခဲ့ကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာန စနေနေ့က သတင်းထုတ်ပြန်ပါတယ်။ မနီလာမြို့တော် အခြေစိုက် INQUIRER.net သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ပြန်ရောက်လာတဲ့ လူကုန်ကူးခံရသူတွေထဲမှာ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပါဝင်ပြီး သူတို့ဟာ ဧပြီလ ၄ ရက်နေ့က ပြန်ရောက်လာတာလို့ ဆိုပါတယ်။

သူတို့ဟာ ၂၀၂၃ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို ခရီးသွားဧည့်သည်တွေ အဖြစ် ဝင်ရောက်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ဟာ ဆိုင်ဘာ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ သိမ်းသွင်းခံခဲ့ရတာလို့ ဆိုပါတယ်။ သူတို့ဟာ ဒီဆိုင်ဘာ ရာဇဝတ်လုပ်ငန်းထဲ လုပ်ကိုင်နေရချိန်မှာ လုပ်ခလစာလည်း အနည်းငယ်ပဲ ရခဲ့သလို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာ အဓမ္မ အလုပ်ခိုင်းစေခံခဲ့ရတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

လူဝင်မှုကြီးကြပ်ရေးဌာန ကော်မရှင်နာမင်းကြီး Norman Tansingco ရဲ့ ဖိလစ်ပိုင်ပြည်တွင်းမီဒီယာကို ဖြေကြားမှာ ဖိလစ်ပိုင်နိုင်ငံသား အများအပြားဟာ အွန်လိုင်းအလုပ်ကမ်းလှမ်းတွေက တဆင့် အဲဒီလို ရာဇဝတ်လုပ်ငန်းတွေမှ အလုပ်လုပ်ဖို့ လှည့်စားခံခဲ့ရကြောင်း ပြောပါတယ်။ “နိုင်ငံတော်တော်များများက ဒါဟာ ကြီးထွားလာတဲ့ ပြဿနာ အကျပ်အတည်းတခု အဖြစ် သဘောတူထားပြီးသားပါ” လို့ Tansingco က ပြောပါတယ်။

“ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံသားအချို့ဟာ အွန်လိုင်းက ရရှိတဲ့ အလုပ်ကမ်းလှမ်းချက်တွေကို စူးစမ်းတဲ့ အနေနဲ့ ခရီးသွားတွေ အဖြစ် စမ်းသပ်သွားရောက်လေ့ရှိကြပြီး နောက်ဆုံးမှာတော့ ဆိုင်ဘာ လိမ်လည် လှည့်ဖြားတဲ့ လုပ်ငန်းတွေမှာသာ လုပ်ကိုင်ကြရတယ်” လို့ သူက ရှင်းပြုပါတယ်။ ဒါကြောင့် နောက်ထပ် လူကုန်ကူးခံရတဲ့ သားကောင်တွေ အဖြစ် နစ်နာဆုံးရှုံးမှုတွေ မဖြစ်စေဖို့ မက်လုံးတွေ အများအပြားပေးထားတဲ့ အလုပ်တွေကို သတိထားဖို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Forum

XS
SM
MD
LG