သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေ တိမ်းရှောင်လာသူတွေကို အကာအကွယ်ပေးဖို့ ထိုင်းအစိုးရကို လှုပ်ရှားသူတွေတိုက်တွန်း


ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ကဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/ ဇန် ဝါရီလ ၄ ရက်၊ ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ထိုင်းနယ်ခြားစောင့်တပ်ကဖမ်းဆီးထားပုံ။ (ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်/ ဇန် ဝါရီလ ၄ ရက်၊ ၂၀၂၄)

မကြာသေးခင်က စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို မြန်မာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာနိုင်တာကြောင့် ကာကွယ်စောင့်ရှောက်ဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။ အရွယ်ရောက်သူတွေ မဖြစ်မနေ စစ်မှုထမ်းဖို့ စစ်ကောင်စီက ကြေညာထားပြီး လာမယ့် ဧပြီလကစ ပထမအသုတ်အဖြစ် လူ ၅၀၀၀ ခေါ်ယူမယ်လို့ သတင်းထုတ်ပြန်ထားတာပါ။ စစ်ကောင်စီ ကြေညာချက်ကြောင့် ပြည်ပကို ထွက်ခွာဖို့ ကြိုးပမ်းသူတွေ တိုးလာခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင် နည်းလမ်းနဲ့ ဝင်လာတဲ့ လူငယ်တွေလည်း ရှိနေတာပါ။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ထိုင်းအစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို ဘေးကင်းလုံခြုံရာမှာထားပေးသင့်တယ်လို့ ထောက်ပြကြပါတယ်။ လူငယ်တော်တော်များများဟာ စစ်မှုထမ်းဥပဒေကနေ လွတ်မြောက်နိုင်ဖို့အတွက် ထွက်ပြေးနေကြပြီး၊ ထိုင်းနယ်စပ်စစ်ဆေးရေးဂိတ်တွေမှာလည်း ထိုင်းအာဏာပိုင်တွေက လူငယ်တော်တော်များများကို ဖမ်းဆီးထားတယ်လို့ Progressive Voice Myanmar ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံက တိမ်းရှောင်လာသူ လူငယ်တွေကို ရဲစခန်းနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ထားမယ့်အစား ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အကူအညီနဲ့ ယာယီဘေးကင်းရေးဇုန်တွေဖွင့်ကာ အကာအကွယ်ပေးသင့်ကြောင်းနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ စစ်ကောင်စီကို စည်းရုံးသင့်တယ်လို့လည်း ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့တဲ့ မြန်မာဒုက္ခသည် ၄ သောင်းခွဲလောက် ရှိမယ်လို့လည်း HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG