သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုကို ချေမှုန်းနိုင်မှ စစ်ဆင်ရေးတွေ အဆုံးသတ်မည်


NUG ယာယီသမ္မတကြီး ဒူဝါလရှီးလ
NUG ယာယီသမ္မတကြီး ဒူဝါလရှီးလ

လက်ရှိနိုင်ငံတဝှမ်း စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ စစ်ဆင်ရေးအားလုံးဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်အာသိမ်းမှုကို ချေမှုန်းနိုင်မှသာ အဆုံးသတ်မှာ ဖြစ်တယ်လို့ NUG ယာယီသမ္မတကြီး ဒူဝါလရှီးလ က VOA ကို ပြောပါတယ်။

ဒါဆိုရင် လက်ရှိစစ်ဆင်ရေးတွေဟာ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးတည်မှာလား။ တိုင်းပြည်ကို ပြိုကွဲစေမှာလား။ အိမ်နီးချင်း တရုတ်နိုင်ငံကရော ဒီစစ်ဆင်ရေးတွေမှာ ပါဝင်ပတ်သက်မှုရှိသလား။ NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကို မအင်ကြင်းနိုင်က Zoom ကနေ သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ စစ်ကောင်စီကိုပြန်ပြီး တွန်းလှန်နေတဲ့ NUG ကြားကာလအစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့နယ်မြေသိမ်းတိုက်ပွဲတွေ စစ်ဆင်ရေး အရှိန်မြင့်လာတဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ သတ်မှတ်ပြီးလားရှင့်။

ဖြေ ။ ။ ကျနော်တို့ အခုတိုက်ပွဲအနေအထားကို ကြည့်တဲ့အခါ ကျနော်တို့ကလည်း ပြောထားတာ ရှိပါတယ်။ တလှိုင်းပြီးတလှိုင်း လာမယ်လို့ ပြောထားပြီသာပါ။ အရှိန်ကတော့ မြင့်သထက်မြင့်လာဖို့ပဲ ရှိပါတယ်။ ပြည်သူလူထုနဲ့ ကျနော်တို့ PDF တွေကတော့ လုံးဝနောက်ဆုတ်စရာ မရှိပါဘူး။ အရှိန်မြင့်သည်ထက်မြင့်ပြီး၊ နောက်ဆုံး မင်းအောင်လှိုင်က လုံးဝနေရာကနေ ဖယ်ရှား။ ဒါမှမဟုတ်ရင်လည်း ကျနော်တို့ (စစ်အုပ်ချုပ်ရေး) မှားပါပြီ။ ပြည်သူလူထုရဲ့ အာဏာကို ပြည်သူလူထုလက်ကို ပြန်အပ်လိုက်မယ်။ ပြည်သူလူထု ကြိုက်သလို လုပ်တော့ဆိုတဲ့ အနေအထားမျိုး မရောက်မချင်းကတော့ စစ်ရှိန်ကတော့ မြင့်သထက် မြင့်လာမှာ ဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်း အထူးသဖြင့် ၁၀၂၇ မြောက်ပိုင်းညီနောင်အဖွဲ့တွေရဲ့ စလိုက်တဲ့အချိန်ကနေ တဆင့်ပြီးတဆင့် တက်လာတာ အခုဆိုရင် သူတို့ရဲ့ စစ်စခန်း ၂၀၀ ကျော် ကျနော်တို့ သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ အလားတူပဲ မြို့နယ်တွေလည်း တော်တော်များများ သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာဆို သုံးမြို့ အင်မတန်မှ အရေးကြီးတဲ့ ခရိုင်မြို့ ကောလင်းကိုလည်း သိမ်းထားလိုက်ပါတယ်။ ကိုးကန့်ဒေသမှာလည်း တော်တော်များများ သိမ်းထားပြီး ဖြစ်တဲ့အတွက်ကြောင့် ရှမ်းမြောက်မှာတော့ အင်မတန်မှကောင်းတဲ့ အနေအထား ရှိနေပါပြီ။ ချင်းတောင်မှာလည်း မြို့နယ်မြို့သုံးမြို့ကို သိမ်းထားနိုင်ပါပြီ စသည်ဖြင့် ကျနော်တို့က အရှိန်မြင့်သထက် မြင့်လာပြီး၊ ကျနော်တို့ရဲ့ EROs အဖွဲ့တွေနဲ့ PDF အဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်တဲ့ဟာလည်း ပိုပြီးတော့ နားလည်မှု ရှိလာတယ်။

ပိုပြီးတော့ ချိတ်ဆက်မိလာတယ်ဆိုတဲ့ အနေအထား ရှိတာကြောင့် ကျနော်တို့ရဲ့ တိုက်ပွဲအရှိန်က မြင့်သထက်မြင့်လာပါပြီ။ ပြည်တွင်းစစ်လို့ သတ်မှတ်တာတော့ မပြောနိုင်ဘူး။ ကျနော်တို့အနေနဲ့တော့ ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်နဲ့ စစ်တပ်အုပ်ချုပ်မှုကိုတော့ လုံးဝဖယ်ရှားသည်အထိ ကျနော်တို့က ဆက်ပြီးတိုက်ပွဲဝင်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာက ပြည်တွင်းစစ်လို့ပဲ သတ်မှတ်မလား။ အဲဒါတော့ ကျနော်တို့ မပြောတတ်ဘူး။

ကျနော်တို့ကတော့ တိုက်ပွဲအရှိန်ကတော့ မြင့်သထက် မြင့်လာပါတယ်။ တခုပဲရှိတယ် အဲဒါက ဘာလဲဆိုတော့ တိုက်ပွဲအရှိန် မြင့်လာတဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ ဒုက္ခတွေက ပိုမိုများလာမှာကို စိုးရိမ်တယ်။ စိုးရိမ်ပေမဲ့ ကျနော်တို့ ရည်မှန်းချက်၊ ပြည်သူလူထုရဲ့ ရည်မှန်းချက်ကို မအောင်မြင်အောင် မမြင်နိုင်ဘူး။ ဒါကြောင့်မို့ ပြည်သူလူထုကလည်း ဒုက္ခမြောက်မြားစွာကို ကြံ့ကြံ့ခံပြီးတော့ ကျနော်တို့ကို အားပေးနေပါတယ်။ ပြီဆုံးအောင် တိုက်ပွဲဝင်ဖို့ဆိုပြီး သူတို့ကလည်း သံဓိဌာန်ချထားတာ ဖြစ်ပါတယ်။

မေး ။ ။ သမ္မတကြီး ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ်တွေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကစပြီးတော့ ကရင်ပြည်နယ်မှာဖြစ်တဲ့ ၁၁၁၁ စစ်ဆင်ရေး၊ ချင်းနဲ့ ရခိုင်က စစ်ဆင်ရေးတွေ။ အခုဆိုရင် ကရင်ပြည်နယ်တွင်းက မုန်းစစ်ဆင်ရေးအစရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေမှာ စစ်ဆင်ရေးတွေအသီးသီး စလာခဲ့တယ်။ ဒီလို မြန်မာစစ်ကောင်စီကို အသီးသီးတွန်းလှန်နေကြတဲ့ စစ်ဆင်ရေးတွေက သူတို့ဒေသအလိုက်လည်း ဖြစ်နေတဲ့အခါမှာ NUG ဆက်စပ်မှုရှိပါသလားရှင့်။

ဖြေ ။ ။ ကျနော်တို့ နိုင်ငံရေးသာမက စစ်ဆင်ရေးမှာလည်း ကျနော်တို့ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်ရပါတယ်။ တကယ်တမ်း ကျနော်တို့ လိုချင်တာကတော့ Chain of Command တခုတည်းအောက်မှာ ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အနာဂတ်ပြည်ထောင်စု တပ်မတော်မှာတော့ အဲဒီလိုဖြစ်ဖို့ ကျနော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်အနေန့တော့ One Chain of Command ထဲမှာ မရှိတာတောင်မှ ကျနော်တို့အချင်းချင်း ဘယ်သူက ဘာလုပ်ကြမယ်ဆိုတဲ့ Coordinating Operation အနေနဲ့ သုံးပါတယ်။ ဥပမာဆိုပါတော့ ကျနော်တို့ မြောက်ပိုင်းမှာဆိုရင် စစ်ဒေသ (၁) အနေနဲ့ သတ်မှတ်ပြီးတော့ အဲဒီမှာရှိတဲ့ တော်လှန်ရေးအဖွဲ့နဲ့ PDF တွေ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

တောင်ဘက်ပိုင်းမှာ အထူးသဖြင့် ကရင်နီ၊ ကရင်ဒေသ၊ တနင်္သာရီ၊ ရန်ကုန်တိုင်း၊ ပဲခူး အဲဒါတွေကိုတော့ တောင်ပိုင်းစစ်ဒေသအနေနဲ့ သတ်မှတ်ပြီးတော့ အဲဒီမှာ လက်နက်ကိုင် ERO အဖွဲ့တွေနဲ့ PDF တွေက တောက်လျှောက်ပူးပေါင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အင်မတန်မှ ရှင်းပါတယ်။ ကျနော်တို့ PDF တွေကလည်း အစတုန်းကတော့ သီးခြားနေလို့လည်း မရပါဘူး။ ဒါကြောင့် KNU ဧရီယာမှာဆိုရင် KNU ရဲ့ ကွပ်ကဲမှုအောက်မှာ သူတို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ ပါဝင်ကြပါတယ်။ အလားတူပါပဲ ကရင်နီပြည်နယ်မှာလည်း PDF တွေက ကရင်နီ KNDF လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေး လုပ်နေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က တောင်ပိုင်း၊ မြောက်ပိုင်းတွေမှာ နေရာအနှံ့ လုပ်နေပါတယ်။

နောက်တခါ အလယ်ပိုင်းကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီအလယ်ပိုင်းက အင်မတန်အရေးကြီးပါတယ်။ နေပြည်တော်နဲ့လည်း နီးတဲ့အတွက်ကြောင့် အလယ်ပိုင်းကို အားကောင်းအောင် သူတို့ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် နေပြည်တော်ကို ခြိမ်းခြောက်နိုင်တယ်။ သိမ်းဆည်းနိုင်တယ် အနေအထားအထိ ရည်မှန်းထားတာ ရှိပါတယ်။ ရှင်းရှင်းပြောရရင်တော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေက တဖြည်းဖြည်းပိုပြီးညီညွှတ်လာတယ်။ နားလည်မှု ပိုပြီးရှိလာပါတယ်။ Coordinating Operation က EROs တွေလည်း သူတို့ရဲ့ Chain of Command မှာ ရှိနေတော့ စစ်ဆင်ရေးမှာ တဦးနဲ့တဦး သတင်းပေးတယ်။ စီမံချက်ဆိုင်ရာ အသိလေးတွေ ဖလှယ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ ရည်မှန်းထားတဲ့ စစ်ကောင်စီ အပြီသတ်ချေမှုန်းရေးမှာ အားလုံးပူးပေါင်းပါဝင်နေပါတယ်လို့ ကျနော်အနေနဲ့ ဖြေကြားချင်ပါတယ်။

မေး ။ ။ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့က ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စတင်တဲ့အချက်ထဲမှာ တရုတ်က အဓိက ဖြိုခွင်းလိုတဲ့ ကျားဖျင့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေးကိစ္စမှာ တရုတ်နဲ့လည်း ပူးပေါင်းနှိမ်နင်းရေးအချက်လည်း ပါဝင်နေတဲ့အတွက် တရုတ်က ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံမှုရှိနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။ ဒီအပေါ်မှာ သမ္မတကြီးရဲ့အမြင်၊ တုံ့ပြန်ချက် ဘယ်လိုရှိပါသလဲ။ နောက်ပြီးတော့ NUG နဲ့ တရုတ်နိုင်ငံ သံတမန်ရေး ဆက်ဆံရေးက ဘယ်လိုရှိပါလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ NUG ရဲ့ Policy က ရှင်းရှင်းလင်းလင်းပါ။ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံမယ်ဆိုတဲ့ မူဝါဒ ရှိပါတယ်။ အလားတူပဲ နိုင်ငံတကာနဲ့လည်း အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတယ်။ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့က တကယ့်အိမ်နီးချင်း၊ နီးကပ်နေတဲ့အတွက်ကြောင့် အင်မတန်အရေးကြီးပါတယ်။ သူတို့နဲ့ ကျနော်တို့ အဆင်ပြေအောင် ဆောင်ရွက်မယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေကိုလည်း ကျနော်တို့ ကြည့်ရှုပေးမယ်ဆိုတဲ့ မူဝါဒနဲ့ ကျနော်တို့ ကျင့်သုံးပြီးတော့ ဆက်ဆံပါတယ်။ ကျနော်တို့မှာလည်း ဆက်ဆံတဲ့လမ်းကြောင်းတွေက သုံးလေးမျိုးနဲ့ တောက်လျှောက်ဆက်ဆံနေပါတယ်။ ရှင်းရှင်းပြောရရင် အဆက်အသွယ် အမြဲရှိပါတယ်ဆိုတဲ့သဘောမျိုး ရှိပါတယ်။

ကျနော်တို့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်က နောက်ကနေ ထောက်ခံတယ်ဆိုတာကိုတော့ ယတိပြတ် မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အနေနဲ့ ကြေညာထားတာ ရှိပါတယ်။ ကျားဖျင့်ကို သူတို့အနေနဲ့ နှိမ်နင်းချင်တယ်။ အဲဒီထဲမှာ စစ်ဆင်ရေးကလည်း ပေါ်လာတော့ စစ်ဆင်ရေးအဖွဲ့ကလည်း ပြောတယ်။ သူတို့ လိမ်လည်နေတဲ့ ကျားဖျင့်အဖွဲ့တွေကို နှိမ်နင်းဖမ်းဆီးဖို့လည်းပါတယ်။ အဲဒီရည်ရွယ်ချက်က သွားတူညီနေတာနဲ့ တူပါတယ်။ စစ်ကောင်စီကတော့ စွပ်စွဲတဲ့အချက်တော့ ရှိပါတယ်။ တရုတ်က နောက်ကနေများ၊ တရုတ်လို့ မပြောပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက ပါသလားဆိုတဲ့ဟာမျိုး သူတို့ စွပ်စွဲထားတာ ရှိပါတယ်။ ကျနော်တို့အနေနဲ့တော့ အဲဒီလိုမျိုး ရှင်းရှင်းလင်းလင်း ပြောစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ တရုတ်ရဲ့ ပေါ်လစီ ကြေညာထားတာ မနေ့ကပဲ ကြေညာထားတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပါတယ်။ ပြည်တွင်းရေးကို မရှုပ်ပါဘူးဆိုပြီး တရုတ်နိုင်ငံက ရှင်းလင်းထားတာကို တွေ့ရပါတယ်။ ဆိုတော့ သူတို့အနေနဲ့ မပါဝင်ဘူးဆိုတာကို ရှင်းလင်းထားပြီး ဖြစ်ပါတယ်။

မေး ။ ။ တရုတ်နဲ့ ဆက်ဆံရေးမှာတော့ NUG က တည်ဆောက်နိုင်တဲ့ အနေအထားက ဘယ်လောက်ထိ ရှိသလဲရှင့်။ ခိုင်မာတယ်လို့ ပြောလို့ရနိုင်သလားရှင့်။

ဖြေ ။ ။ သူတို့အနေနဲ့တော့ တော်တော်များများ ကောင်းတယ်လို့တော့ မြင်ပါတယ်။ NLD ရဲ့ တည်ရှိမှုကိုလည်း - NLD ဆိုတာ အရင်တုန်းက ပြည်သူ့အစိုးရ တည်ရှိမှုကိုလည်း တရုတ်က အခုအချိန်အထိ အသိအမှတ်ပြုနေတာ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရပိုင်းအနေနဲ့ သူတို့ရဲ့ သံရုံးတွေ၊ သံတမန်တွေနဲ့လည်း ဆက်သွယ်ထားတာ ရှိပါတယ်။ ကျနော်တို့အနေနဲ့ သူတို့ စိုးရိမ်ချက်တွေကိုလည်း ကျနော်တို့က ပြန်ပြီးတော့ ဖြေကြားထားတာတွေ ရှိပါတယ်။ ဥပမာဆိုပါစို့ တရုတ်ရဲ့ စီမံကိန်းတွေကို ကျနော်တို့အနေနဲ့ ဘာမှအနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ ကျနော်တို့ အတတ်နိုင်ဆုံး ကူညီမှာ။ အနာဂတ်မှာလည်း စီးပွားရေးအရ တရုတ်နဲ့ ဆက်ဆံလုပ်ဆောင်မယ်ဆိုတဲ့ အာမခံချက်တွေလည်း ကျနော်တို့ မကြာခဏ ပြောထားတာ ရှိပါတယ်။

ဆိုတော့ ကျနော်တို့အနေနဲ့တော့ အဆင်ပြေတယ်လို့ပဲ မြင်ပါတယ်။ တဘက်ကတော့ သူတို့အချင်းချင်းမှာတော့ မသင်္ကာမှုတွေ ရှိကြတော့ အမေရိကန်ကလည်း တရုတ်ရဲ့ လွှမ်းမိုးမှု ကြီးမားလာမှာကို စိုးရိမ်တယ်။ အလားတူပဲ တရုတ်ကလည်း အမေရိကန်က မြန်မာနိုင်ငံကို ကြီးစိုးချယ်လှယ်မှာကို ကြောက်တယ်ဆိုတဲ့ နိုင်ငံကြီးတွေရဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။ ကျနော်တို့ကတော့ သူတို့အချင်းချင်းအားပြိုင်မှုမှာ လက်မလျှို့ဘူး၊ မပါဘူး။ ပြည်သူလူထု လိုချင်တဲ့ ရည်မှန်းချက်ကိုပဲ ကျနော်တို့ ရောက်အောင်သွားမယ်လို့ ခံယူထားပါတယ်။

မေး ။ ။ မကြာသေးခင်ကပဲ ဝါရှင်တန်ပို့စ်သတင်းစာက အယ်ဒီတာတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရေးထားတဲ့ ဆောင်းပါးမှာဆို လက်ရှိမြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အခြေအနေဟာ မဟန်တော့ဘူး။ အဲဒီအတွက် အမေရိကန်အစိုးရဘက်က မြန်မာနိုင်ငံ အနာဂတ်တည်ဆောက်ရေးမှာ ပြင်ဆင်ထားဖို့၊ NUG လိုမျိုး ကြာကာလအစိုးရကို အသိအမှတ်ပြုဖို့ တိုက်တွန်းထားတာတွေလည်း တွေ့ရပါတယ်။ ဆိုတော့ အခု အမေရိကန်ဘက်က NUG ကို အမေရိကန်အစိုးရ အခုလက်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရရဲ့ အကူအညီ၊ NUG ကို သူတို့ပေးနေတဲ့ အကူအညီတွေနဲ့ ပတ်သက်လို့ ထိရောက်မှု ရှိမရှိကို ဘယ်လိုသုံးသပ်ပါသလဲရှင့်။

ဖြေ ။ ။ အခုအချိန်မှာတော့ တကမ္ဘာလုံးက အသိအမှတ်ပြုမှု ရှိလာပြီ။ အစတုန်းကတော့ ကျနော်တို့ NUG က ဒီလောက်တောင့်တင်းတဲ့ Institution စစ်တပ်ကို နိုင်မှာ မဟုတ်ဘူးလို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တကမ္ဘာလုံးက အဲဒီလို မြင်ပြီးတော့၊ ကျနော်တို့ကို သိပ်ပြီးတော့ အသိအမှတ်မပြုချင်ကြဘူး။ အခုကတော့ သူတို့ကိုယ်တိုင် စိတ်ဝင်စားလာတာက စစ်ကောင်စီ ပြုတ်ထွက်သွားပြီး နောက်ပိုင်းမှာ ဘယ်လိုဆက်ပြီး ခရီးသွားမလဲဆိုတဲ့ မေးခွန်းတွေတော့ တော်တော်များများ မေးလာကြပါတယ်။ ဒါကြောင့်မို့ အမေရိကန်နိုင်ငံအနေနဲ့ကော၊ သုံးသပ်တာက ကျနော်တို့အနေနဲ့ အင်မတန်မှ လက်ခံပါတယ်။ တကယ်လို့များ ကူညီနိုင်မယ်ဆိုရင်တော့ နည်းပေါင်းမျိုးစုံနဲ့ ကူညီလို့ ရပါတယ်။ အဲဒါကို ကျနော်တို့အနေနဲ့ အမြဲတမ်းကြိုဆိုလျှက် ရှိပါတယ်။

ကျနော်တို့မှာ ပြည်သူလူထုရဲ့ ခိုင်မာတဲ့သံဓိဌာန်ကို မယိမ်းမယိုင်းဘဲနဲ့ ခိုင်မာတဲ့စိတ်ဓါတ်နဲ့ ပြတ်သားတဲ့ ယုံကြည်ချက်တွေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်နေတဲ့နေရာမှာ အခုက တကမ္ဘာလုံးက အဲဒါကို တော်တော်သတိထားလာကြပြီဆိုတဲ့ သဘောမျိုး မြင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အချိန်ကြန့်ကြာခြင်း မရှိဘဲနဲ့ NUG အစိုးရကို အသိအမှတ်ပြု၊ စစ်ကောင်စီကို လုံးဝဆက်ဆံခြင်း မရှိဘဲနဲ့ ဖယ်ရှား။ အဲဒီလို လုပ်နိုင်ရင်တော့ အင်မတန်မှ ပြည်သူလူထုရဲ့ လတ်တလော ခံစားနေတဲ့ ဒုက္ခတွေကနေ အမြန်ဆုံး လွတ်မြောက်ပြီးတော့ တည်ငြိမ်အေးချမ်းတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကို အမြန်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကလည်း အင်မတန် အရေးကြီးပါတယ်။ အခု အမေရိကန် ပြည်ထောင်စုက လောလောဆယ်တော့ အင်မတန်မှ လုံလောက်တဲ့ ကူညီမှုတွေ မရှိဘူလို့ ပြောလို့ရတယ်။

ဒါပေမဲ့ စိတ်ဓါတ်ရေးရာအရ အားပေးမှုတွေက တောက်လျှောက် ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းလာရေးအတွက် အားပေးနေတဲ့ နိုင်ငံဖြစ်တာကြောင့် သူတို့ရဲ့ အားပေးမှု၊ ကူညီမှုတွေကို အရမ်းကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ နောက်နောင်တွေမှာလည်း နိုင်ငံထူထောင်တဲ့အခါ ပညာပိုင်းဆိုင်ရာကော၊ အခြားလိုအပ်ချက်တွေအားလုံးကို အမေရိကန်နိုင်ငံက ကူညီပေးဖို့ ကျနော်အနေနဲ့ တောင်းဆိုချင်ပါတယ်။

မေး ။ ။ လက်ရှိ NUG အစိုးရအနေနဲ့ စစ်ရေးအပြင်၊ နိုင်ငံရေးအရ ပြင်ဆင်ပြီးတော့ နိုင်ငံတခု ပြန်တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်မှာ တရုတ်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုထားတဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့် ဘယ်အချိန်ရောက်မလဲ။

ဖြေ ။ ။ တွေ့ဆုံဆွေးနွေးရေးဆိုတာ အဖြေတခု ဖြစ်ပါတယ်။ ကျနော်တို့ကလည်း အမြဲတမ်းပြောပါတယ်။ တံခါးပိတ်မထားပါဘူး။ တွေ့ဆုံဆွေးနွေးမှုဆိုတာ တံခါးပိတ်မထားပါဘူး။ ဒါပေမဲ့ တွေ့ဆုံရေးလမ်းကြောင်း အခြေအနေ ရှိသလားဆိုတာကို စဉ်းစားသင့်ပါတယ်။ ပုံသေနည်းတော့ မသုံးသင့်ပါဘူး။ သူတို့အနေနဲ့လည်း အောင်မြင်ခဲ့တာ ရှိမှာပေါ့။ တချို့မှာ ကမ္ဘောဒီးယား၊ တောင်အာဖရိက စသည်ဖြင့် ဒါက နေရာဒေသ၊ ကာလံဒေသံ မတူပါဘူး။ မြန်မာနိုင်ငံရေး အခြေအနေကတော့ ဒီထက်ဆိုးဝါးတဲ့ အနေအထား ရှိတဲ့အတွက်ကြောင့် ကျနော်တို့မှာ တွေ့ဆုံဆွေးနွေးဖို့ကို တော်တော်လေး စဉ်းစားရမယ့် အနေအထား ရှိပါတယ်။ ကျနော်တို့ မတွေ့ဆုံပါဘူးလို့လည်း ဘယ်တော့မှ အဲဒီလို မပြောပါဘူး။ မတွေ့ဆုံဘူးလို့ ပြောတဲ့အခါက မင်းအောင်လှိုင်နဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

ကျနော်တို့ကို အကြမ်းဖက်ဖြစ်တဲ့အတွက် မတွေ့ဆုံဘူးလို့ သူ အမြဲတမ်းပြောပါတယ်။ ကျနော်တို့ကတော့ လုံးဝပိတ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက တကယ်တမ်း ပြောင်းလဲချင်တဲ့စိတ်ဓါတ်တော့ ရှိဖို့လိုပါတယ်။ သူတို့ကတော့ တောက်လျှောက်လိမ်နေတယ်။ သူတို့ သုံးစွဲနေတဲ့ strategy ကတော့ သုံးခုပဲ ရှိတယ်လို့ပြောတယ်။ (၁) ခေါင်းမာတယ်။ (၂) ဘယ်တော့မှ System မကျဘူး။ (၃) ဘယ်တော့မှ မရိုးသားဘူး။ အခုလဲ မရိုးသားတာပဲ။ သူ့အနေနဲ့ ဆွေးနွေးမယ်ဆိုပြီး NCA မှာ နှစ်ပေါင်းများစွာ အချိန်ကုန်၊ လူကုန်နဲ့ လုပ်ခဲ့တာတွေက လိမ်ဖို့ပါ။ တိုင်းရင်းသားတွေက လက်နက်ချခိုင်းတဲ့ သဘောပါပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ တကယ့်ကို မြန်မာနိုင်ငံကို ပြောင်းလဲချင်တဲ့စိတ် အပြည့်အဝ ရှိတယ်ဆိုရင် သူ့အနေနဲ့ ကျနော်တို့ ယုံကြည်အောင်၊ ပြည်သူလူထု ယုံကြည်အောင် အရင်ပြဖို့ လိုပါတယ်။ ကျနော်တို့ ပြောထားပြီးသာပါ ကျနော်တို့ ပြည်သူလူထုကို လေယာဉ်တွေနဲ့ ဗုံးကျဲသတ်ဖြတ်၊ ဖမ်းဆီးနေတာတွေကို ချက်ချင်းရပ်ဖို့။ သူ လုပ်သင့်တာ ရှိတယ်။

ရှင်းရှင်းပြောရရင် ပြည်သူလူထုက လုံးဝမယုံဘူး။ မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်အဖွဲ့ကို။ ဒါကြောင့်မို့ သူတို့က ယုံကြည်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့၊ ကမ္ဘာသိ - ကျနော်တို့က ပြည်သူလူထု အထူးကြိုက်တဲ့ ပြည်သူလူထု အုပ်ချုပ်တဲ့အောက်မှာ နေပါမယ်။ ကျနော်တို့ အနာဂတ်မှာ ဝင်မရှုပ်တော့ပါဘူး။ ၂၀၀၈ ဆိုတာက ချောက်ထဲကျတော့မယ့် ရထားအနေအထား ဖြစ်နေပြီ။ အဲဒါကို သူက ဆက်ပြီးတော့ စီးမနေသင့်တော့ဘူး။ အမြန်ခုန်ချချင်လည်း ခုန်ချ။ သို့မဟုတ် လမ်းကြောင်းပြောင်းပြီးတော့ ရထားလမ်းကို ပြောင်းရတော့မယ်။ ဒါမှမဟုတ်ရင် တိုင်းပြည်က လုံးဝရစရာမရှိ ပျက်ဆီးနေပြီ။ သူလည်း ပျက်ဆီးသွားမှာပါ။ စစ်တပ်လည်း ဘာမှရစရာ မရှိတော့ပါဘူး။ ဆိုတဲ့အနေအထားတွေကို စဉ်းစားသင့်ပါတယ်။

ဒါတွေကို ကမ္ဘာသိ သူက ကြေညာရဲလို့ရှိရင်တော့ ကျနော်တို့ တွေ့ဆုံမှုလည်း - ကျနော်တို့က လုံးဝငြင်းထားတာ မရှိပါဘူး။ ဒါပေမဲ့ ပြည်သူလူထု မကြိုက်တာ ဖြစ်တဲ့အတွက်ကြောင့် နည်းလမ်းကို သိမ့်သိမ့်မွှေ့မွှေ့နဲ့ ချသင့်ပါတယ်။ ကမ္ဘာကလည်း ကျနော်တို့ကို ဇွတ်အတင်းတွေ့ခိုင်းတာမျိုး မလုပ်သင့်ဘူး။ ပြည်သူလူထုကို စိတ်ဆိုးအောင်၊ ဒေါသထွက်အောင် လုပ်တာနဲ့ တူပါတယ်။ ကျနော်အနေနဲ့ အဲဒီလို ရှုမြင်ပါတယ်။

XS
SM
MD
LG