သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ပြည်သူ သောင်းနဲ့ချီ အမေရိကန်နဲ့အစ္စရေးကို ဆန့်ကျင် ဆန္ဒပြ  


အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အမေရိကန်သံရုံးဟောင်းမှာ အီရန်ကျောင်းသားများက သံရုံးကို သိမ်းပိုက်ခြင်း ၄၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အီရန်နဲ့ ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံ – AP Photo/Vahid Salemi)
အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အမေရိကန်သံရုံးဟောင်းမှာ အီရန်ကျောင်းသားများက သံရုံးကို သိမ်းပိုက်ခြင်း ၄၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အီရန်နဲ့ ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံ – AP Photo/Vahid Salemi)

စစ်ပွဲပြင်းထန်နေတဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေဘက်က ထောက်ခံပြီး အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုကို ကန့်ကွက်တဲ့ အနေနဲ့ အီရန်နိုင်ငံတဝန်းမှာ စနေနေ့က လူတွေ သောင်းနဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

မြို့တော်တီဟီရန်မှာတော့ အမေရိကန်သံရုံး ရှိရာကို ဆန္ဒပြသူတွေ စုဝေး ချီတက်ခဲ့ကြပြီး “အမေရိကန်ပြည်ထောင်စု ကျဆုံးပါစေ” “အစ္စရေး ကျဆုံးပါစေ” ဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benyamin Netanyahu ပုံ နဲ့ အစ္စရေးနဲ့ အမေရိကန်အလံတွေကိုလည်း မီးရှို့ ဆန္ဒပြကြပါတယ်။ အီရန်နိုင်ငံမှာ ကမ္ဘာတဝန်း မောက်မာမှုများ တိုက်ဖျက်ရေးနေ့ အဖြစ် သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ၄ ရက် စနေနေ့မှာ ခုလို လူတွေ ထောင်နဲ့ချီ ဆန္ဒပြကြတာပါ။

နိုဝင်ဘာ ၄ ရက်ဟာ ၁၉၇၉ ခုနှစ်က တီဟီရန်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးကို အီရန်တွေ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြပြီး အမေရိကန် သံတမန် ၅၂ ဦးကို ရက်ပေါင်း ၄၄၄ ရက်ကြာ ဓားစာခံအဖြစ် ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်ရပ် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ အီရန်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ အမေရိကန် ကျောထောက် နောက်ခံပေးထားတဲ့ ရှားဘုရင် အုပ်စိုးမှုကို ဖယ်ရှားခဲ့ပြီးတဲ့နောက် ၉ လအတွင်း အီရန် ကျောင်းသူကျောင်းသားတွေက အမေရိကန် သံရုံးကို စီးနင်း သိမ်းပိုက်ခဲ့ကြပြီး အဲ့ဒီအချိန်က အမေရိကန် ဆေးရုံတခုမှာ ဆေးဝါး ကုသနေတဲ့ ရှားဘုရင်ကို ပြန်လည် လွှဲပြောင်းပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုခဲ့ကြတာပါ။ အဲ့ဒီအချိန်ကတည်းက ရှိခဲ့တဲ့ အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက် ဟားမတ်စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ပိုမို ဆိုးရွားလာခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုအတွင်း အရပ်သားအများစု ပါဝင်တဲ့ အစ္စရေး ၂၄၀၀ လောက် သေဆုံးခဲ့ရပြီး ၂၄၀ ကျော် ပြန်ပေးဆွဲ ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်အပြီး အစ္စရေးက ဂါဇာကို မြေပြင်ကရော ဝေဟင်ကပါ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာခဲ့သလို၊ ဒီတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၉,၄၀၀ ကျော်သွားပြီလို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောဆိုထားပါတယ်။ သေသုံးသူတွေရဲ့ သုံးပုံ နှစ်ပုံက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

XS
SM
MD
LG