သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံများ ဆက်ဆံရေး


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးအတွင်း မြန်မာဘက်က တက်ရောက်သူမရှိ
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးအတွင်း မြန်မာဘက်က တက်ရောက်သူမရှိ

မြန်မာနိုင်ငံဟာ စစ်ကောင်စီလက်ထက်မှာ နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး ယုတ်လျော့သွားပေမယ့် ရုရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့တော့ ပြေလည်တဲ့ ဆက်ဆံရေးရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်ဟာ သူအာဏာသိမ်းယူထားတဲ့ ၂ နှစ်အတွင်း ရုရှား၊ အိန္ဒိယတို့နဲ့ အရင်ကထက်ပိုတဲ့ ဆက်ဆံရေးကို ထူထောင်ထားနိုင်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကိုတော့ ကိုဇော်ဝင်းလှိုင်က ပြောပြပေးမှာပါ။

ကပ်ရောဂါနဲ့အတူ အရှေ့ဥရောပ စစ်ရေးပဋိပက္ခတွေ၊ အာရှပစိဖိတ်ဒေသက မငြိမ်သက်မှုတွေ ဖြစ်ပွားလာသလို မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းယူမှုတွေ ပေါ်ပေါက်လာတာ အခုဆိုရင် ၂ နှစ်တိတိရှိသွားပါပြီ။ ရလဒ်ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတချို့ မြန်မာနိုင်ငံက ထွက်ခွာသွားသလို၊ သံတမန်ဆက်ဆံရေး အဆင့်လျှော့တာကိုလည်း မြန်မာစစ်ကောင်စီက ကြုံတွေ့နေရတာပါ။

ပြည်တွင်းစစ်ကြောင့် မြန်မာ့အရေးဟာ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံကြီးတွေအတွက် စဉ်းစားစရာတခု ဖြစ်လာပေမယ့် ရှရှား၊ တရုတ်၊ အိန္ဒိယလို နိုင်ငံကြီးတွေကတော့ ပြည်တွင်းရေးလို့သာ ရှုမြင်ထားတာပါ။ ဒါကြောင့်လည်း ကုလအစည်းအဝေးတွေမှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တိုင်းကို ဒီနိုင်ငံတွေက ကြားနေ ရပ်တည်ခဲ့ကြတာပါ။ တကယ်တော့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယဟာ မြန်မာစစ်ကောင်စီနဲ့ အကျိုးစီးပွား အပေးအယူတွေရှိနေကြောင်း နိုင်ငံရေး လေ့လာသူတွေက ထောက်ပြပါတယ်။

ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနဝန်ကြီး Maxim Reshetnikov နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ နှစ်၊ ဒီဇင်ဘာအစောပိုင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီ နေပြည်တော်တွေ့ဆုံပွဲမှာ စီးပွားရေးဆိုင်ရာ စာချုပ် (၇) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ နိုင်ငံရေးလိုအပ်ချက်အရ အပြန်အလှန် ထောက်ခံမှုလို့မြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။ ငွေကြေးဆိုင်ရာတွေမှာ အရေးယူ၊ ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံအတွက်လည်း နိုင်ငံတကာနဲ့ စီးပွားရေး၊ ကုန်သွယ်ရေး အပိုင်းတွေမှာ ခက်ခဲနေခဲ့တာပါ။ စစ်ကောင်စီအဖို့ ဒီအတားအဆီးကို ကျော်လွှားဖို့ စဉ်းစားတာမှာ ရှရှားက အဖြေတခုဖြစ်ကြောင်း သူကထောက်ပြပါတယ်။

" ရုရှားကလည်း အခုအချိန်မှာ ယူကရိန်းနဲ့ ပတ်သက်ပြီးတော့ ထိုးနှက်ခံနေရတဲ့ဟာ၊ ဆန့်ကျင်ခြင်း ခံနေရတဲ့ဟာ၊ သူကလည်း လက်ရှိအနေအထားမှာ သူ့ကိုထောက်ခံမယ့်သူ၊ သူနဲ့မဟာမိတ် ပူးပေါင်းနိုင်မယ့်နိုင်ငံက သူ့အတွက် လိုအပ်တယ်။ အပြည်ပြည်ဆိုင်ရာ ချိတ်ဆက်မှုတွေကြားထဲမှာ သူ့ကိုထောက်ခံတဲ့သူမရှိဘဲ ထီးထီးကြီး သူ့ရဲ့လုပ်ရပ်တွေကို သူ့ဖာသူ တစောက်ကမ်းလုပ်နေလို့ အဆင်မပြေဘူး၊ တဖက်မှာလည် မြန်မာနိုင်ငံရဲ့ လုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာက အပြစ်တင်မှုတွေ ဝေဖန်မှုတွေ၊ ပိတ်ဆို့မှုတွေ ရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံအတွက်ကလည်း မြန်မာနိုင်ငံအတွက် လားရာပေါ့ အခုရည်ရွယ်ထားတဲ့ နိုင်ငံပြုပြင် ပြောင်းလဲရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးစတဲ့ စစ်ကောင်စီက ပြဋ္ဌာန်းထားတဲ့ Roadmap နဲ့ပတ်သက်ပြီး ထောက်ခံတယ်ဆိုတဲ့ အင်အားကြီးနိုင်ငံ မြန်မာနိုင်ငံအတွက်လည်း လိုတယ်။ ဒါဟာ အပြန်အလှန်လိုအပ်ချက်အရ သူတို့ပူးပေါင်းတဲ့သဘောလို့ ယူဆလို့ရတယ်။ အဲလိုပူးပေါင်းမှုမျိုးက ရုရှားအနေနဲ့ မြန်မာနဲ့မှ ပူးပေါင်းတာမဟုတ်ဘူး မြောက်ကိုရီးယားနဲ့လည်း သူပူးပေါင်းတယ်၊ တရုတ်နဲ့လည်း ပူးပေါင်းတယ်၊ တခြားအနောက်နိုင်ငံတွေနဲ့ လားရာဆန့်ကျင်ဘက်ရှိတဲ့ နိုင်ငံတွေနဲ့လည်း သူပူးပေါင်းလေ့ရှိတာကို တွေ့ရလိမ့်မယ်။"

မြန်မာပြည်တွင်း မငြိမ်သက်မှုက အာရှ-ပစိဖိတ်ဒေသမှာ စီးပွားရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်တာတွေကို အရှိန်တိုးမြှင့်ဖို့ လုပ်ဆောင်နေတဲ့ အိန္ဒိယအတွက် အဟန့်အတား ဖြစ်ခဲ့ကြောင်း United States Institute of Peace အဖွဲ့က ရှုမြင်ထားပါတယ်။

စစ်ပွဲတွေကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ အရှေ့မျှော်ပေါ်လစီထဲက မြန်မာပြည်တွင်း စီးပွားရေးနဲ့ ကုန်စည် ကူးသန်းမှုတွေကလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့တာပါ။ ဒါပေမဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးမှာတော့ အိန္ဒိယအစိုးရဟာ ရေလိုက်ငါးလိုက် ဆက်ပြီး ရှိနေခဲ့ပါတယ်။ ရေငုံနှှုတ်ပိတ်နေတဲ့ အိန္ဒိယအစိုးရကို မြန်မာပြည်တွင်းမှာ အားမလိုအားမရ ဖြစ်နေကြတာပါ။

စစ်ကောင်စီကို နောက်ကွယ်ကနေ စစ်လက်နက် ထောက်ပံ့နေတယ်ဆိုတဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ စွပ်စွဲမှုတွေကိုလည်း အိန္ဒိယအစိုးရက ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့ ၂နှစ်တာကို ပြန်ကြည့်မယ်ဆိုရင် အာဏာသိမ်းပြီး တလအကြာမှာလုပ်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ကို အိန္ဒိယရဲ့ ကိုယ်စားလှယ်တဦး တက်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ဧပြီနဲ့ ဇွန်လမှာ အိန္ဒိယသံအမတ်ကြီး Shri Vinay Kumar ဟာ စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်၊ ဦးခင်ရီတို့နဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲနဲ့ ၂၀၂၄ သန်းခေါင်စာရင်း ကိစ္စတွေကို ပံ့ပိုးကူညီဖို့အတွက် ဆွေးနွေးခဲ့တာပါ။

စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့မှုတွေ လုပ်နေပေမဲ့လည်း အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် Vinay Mohan Kwatra ဟာ ၂၀၂၂ နိုဝင်ဘာလမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးကြတယ်လို့ သတင်းတွေမှာ ဖော်ပြကြပေါ်မဲ့ ဒီထက်ပိုတဲ့ အပေးအယူတွေ ရှိကောင်းရှိနိုင်မယ်လို့ တချို့က ခန့်မှန်းပါတယ်။ အခု ၂၀၂၃ ဇန်နဝါရီလ ၄ရက်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးဟာ စစ်ကောင်စီကျင်းပတဲ့ လွတ်လပ်ရေး အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒီလိုကိစ္စတွေအပြင် အိန္ဒိယအစိုးရဟာ စစ်ကောင်စီကို ၂နှစ်တာအတွင်း လက်နက်ထောက်ပံ့မှု လေးကြိမ်ရှိခဲ့ကြောင်း India for Myanmar အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ အိန္ဒိယဟာ ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကြားနေခဲ့ပါတယ်။ မကြာသေးခင်ကလည်း ချင်းလက်နက်ကိုင် CNF ဌာနချုပ်ကို မြန်မာစစ်တပ်က အိန္ဒိယ လေပိုင်နက်ကိုသုံးပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

အိန္ဒိယဟာ သူ့ရဲ့အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ဆက်ဆံရေး တည်ဆောက်နေတာဟာ ထင်သာမြင်သာရှိပြီး ဒါက မှားယွင်းတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ India for Myanmar ရဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ် (Salai Dokhar) က ဗွီအိုအေကို ပြောပါတယ်။

"အိန္ဒိယရဲ့ ထင်ရှားတဲ့ အကျိုးစီးပွား မှန်သမျှဆိုရင်တော့ လက်နက်ကိုင် တော်လှန်ရေး လုပ်နေတဲ့ ပြည်သူ့တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေမှာ ပိုပြီးများပြားနေတာ ဖြစ်တယ်။ ဒါကိုသူ့အနေနဲ့ တော်လှန်ရေး အင်အားစုအပေါ် အထင်သေးမှုကြောင့်လား သို့မဟုတ် စကစက သူ့အကျိုးစီးပွားကို အကူအညီပေးနိုင်မယ်ဆိုတဲ့ ထင်မြင်ချက်ကြောင့်လားတော့ မပြောတတ်ဘူး၊ ဒါပေမဲ့ သေချာတာ တခုကတော့ အိန္ဒိယအနေနဲ့ ဆက်လက်ပြီး ဒီအတိုင်း စကစနဲ့ပူးပေါင်းပြီး သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ ကြိုးစားနေရင်တော့ အိန္ဒိယရဲ့ အကျိုးစီးပွားတွေက ပိုပြီး ဆိုရွားသွားနိုင်မယ့် အနေအထားဖြစ်နေတယ်။"

အာဆီယံအပါအဝင် အနောက်နိုင်ငံတွေရဲ့ အကြံဉာဏ်တွေကို လျစ်လျူရှုပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြောဆိုနေတဲ့ စစ်ကောင်စီကို အိန္ဒိယတနိုင်ငံတည်းကပဲ ထောက်ခံကြောင်း ပြောဆိုထားတာပါ။ နိုင်ငံတချို့က စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးကို လျှော့ချနေတဲ့အချိန်မှာ အိန္ဒိယက တိုးမြှင့်နေကြောင်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။

" အိန္ဒိယပါဝင်နေတဲ့ ဘင်းမ်စတက်ဆိုတဲ့ (BIMSTEC) နိုင်ငံတကာ အစုအဖွဲ့မှာလည်း အိန္ဒိယက စကစကို ဖိတ်ကြားတဲ့အချိန်မှာ တရားဝင်အစိုးရဆိုတဲ့ ပုံစံမျိုး အသုံးအနှုန်းနဲ့ ဆက်ဆံနေတာ ဖြစ်တယ်။ အာဆီယံတို့၊ UN တို့ကနေ ဖယ်ရှားခံလိုက်ရတဲ့ စကစအကြမ်းဖက် စစ်အုပ်စုဟာ အိန္ဒိယနဲ့ တွေ့ဆုံတဲ့အချိန်မှာ တရားဝင်အစိုးရပုံစံမျိုး၊ အိန္ဒိယပါဝင်တဲ့ နိုင်ငံတကာ ပလက်ဖောင်းမှာတောင် အခြေချခွင့် လွတ်လွတ်လပ်လပ်ရနေတဲ့ အနေအထားဖြစ်နေတယ်။ ဒါကြောင့် လက်ရှိအိန္ဒိယရဲ့ ရပ်တည်ချက်ဟာ အင်မတန်မှ မြန်မာနိုင်ငံ တော်လှန်ရေးသမားတွေအတွက် စိတ်ပျက်စရာကောင်းပြီး၊ အတိုချုံ့ပြောရရင် အိန္ဒိယကတော့ ဒီမိုကရေစီအပေါ်မှာ သစ္စာဖောက်နေတဲ့ အနေအထားရောက်နေပြီ။"

တရုတ်နိုင်ငံလည်း ထိုနည်းတူစွာ လက်နက်ကိုင် တော်လှန်ရေး ကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံမှာ သူ့ရဲ့ စီးပွားရေးစင်္ကြန် စီမံကိန်းတွေကို ဆက်လုပ်ဖို့ပဲ အစီအစဉ်ရှိတာပါ။ တရုတ်အတွက် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဆိုရင် စစ်ကောင်စီကို နားချဖို့၊ အကြမ်းမဖက်ဖို့၊ ရွေးကောက်ခံအစိုးရကို နေရာပြန်ပေးဖို့ တိုက်တွန်းသင့်ကြောင်း United States Institute of Peace က အကြံပြုထားပါတယ်။

စစ်ကောင်စီလက်ထက်မှာ တရုတ်အဖို့တော့ ရှေ့မတိုးနိုင်ဘဲ ချောင်ပိတ်နေတယ်လို့ ပညာရှင်တွေက သုံးသပ်နေပါတယ်။ NUG အစိုးရနဲ့ စစ်ကောင်စီ ရပ်ကြားမှာ တရုတ်က သတိထားပြီး ဆက်ဆံနေကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။ စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေးမှာ နိုင်ငံအဆင့် တွေ့ဆုံမှုတွေကို တရုတ်က ရှောင်ရှားနေတယ်လို့ သူကပြောပါတယ်။

မဲခေါင်ဒေသနိုင်ငံများ ထိပ်သီးတွေ့ဆုံပွဲကို တကြိမ်ကျင်းပပေးရတဲ့ မြန်မာနိုင်ငံက တရုတ်အစိုးရကို ဖိတ်ကြားခဲ့ပေမယ့် အကြောင်း မပြန်ခဲ့တာကြောင့် တွေ့ဆုံပွဲ မဖြစ်မြောက်ခဲ့ပါဘူး။ မဲခေါင်ဒေသနိုင်ငံတွေရဲ့ အစဉ်အလာအရ နိုင်ငံခေါင်းဆောင်က အစည်းအဝေးကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုအကြောင်းမပြန်ခဲ့တာဟာ စစ်ကောင်စီကို အားပေးရာ ရောက်တယ်ဆိုတဲ့ အနေအထားမဖြစ်အောင် နှုတ်ဆိတ်နေခဲ့တာလို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ကတိပြုထားတဲ့ စီမံကိန်းတွေကိုတော့ ပြည်တွင်းမှာ တရုတ်က ဆက်လုပ်နေတာပါ။ နယ်စပ်ကုန်သွယ်ရေးကိုလည်း ပြန်ဖွင့်လိုက်ကြောင်း ဦးရဲထွန်းက ပြောပါတယ်။

" NUG ကိုလည်း ထိုနည်းလည်းကောင်းပဲ NLD ပါတီကို သူတို့ဒီကြားထဲမှာ အစည်းအဝေးတွေဖိတ်တာ၊ အစည်းအဝေးတက်တာ ပါတီတွင်း ဆက်ဆံရေးတွေလုပ်တယ်။ ဒါပေမဲ့ NUG ကို အသိအမှတ်ပြုတာတို့ NUG ခေါင်းဆောင်တွေကို သူတို့နိုင်ငံကို ဖိတ်တာတို့ အဲဒါမျိုးလည်း မလုပ်ဘူး။ ဆိုတော့ ဒီကြားထဲမှာ သူက တော်တော်လေး သတိထားပြီး ဆက်ဆံတဲ့ပုံပေါ့နော်။ အဲဒီရလဒ်အရ နှစ်ဖက်စလုံးကလည်း နစကရော NUG ရော တရုတ်က သူတို့ဘက်ရပ်တယ်ဆိုတဲ့ အမြင်မျိုး ခံစားရတာပေါ့နော်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ နောက်ဆုံး အစည်းအဝေး ဆုံးဖြတ်ချက်တခုမှာ တရုတ်တို့ ရုရှားတို့ အိန္ဒိယတို့က အထူးသဖြင့် တရုတ်နဲ့ ရုရှားပေါ့နော် ခါတိုင်းဆိုရင် လုံခြုံရေးကောင်စီမှာ မြန်မာကိစ္စဆွေးနွေးရင် ဗီတိုအာဏာသုံးပြီးတော့ ကန့်ကွက်လေ့ရှိပေမယ့် ဒီတခေါက်က မဲမပေးဘဲ နေလိုက်တာပေါ့။ အဲဒီအပေါ်မှာ NUG ကလည်း ကျေနပ်တယ်ပေါ့။ တရုတ်ရဲ့ ပေါ်လစီက နှစ်ဘက်စလုံးနဲ့ မိတ်မပျက်ဆက်ဆံတဲ့ အနေအထားပေါ့နော်၊ ကြားနေတဲ့အနေအထား ဆက်ဆံနေတယ်လို့ ယူဆတယ်။"

တခြား အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကတော့ စစ်ကောင်စီနဲ့ နိုင်ငံရေးပတ်သက်မှုတွေ ထင်ထင်ရှားရှားမရှိပေမယ့် နယ်စပ်ကုန်သွယ်ရေးမှာတော့ အထိုက်အလျောက် ရှိလာပါတယ်။ မြန်မာနဲ့ထိုင်းက ၃နှစ်လောက်ပိတ်ထားတဲ့ နှစ်နိုင်ငံနယ်စပ်ကို မကြာသေးခင်က ဖွင့်ပေးလိုက်သလို ဘင်္ဂလားဒေ့ရှ်ကလည်း စားနပ်ရိက္ခာလိုအပ်ချက်အတွက် ဆန်နဲ့ ရေထွက်ကုန် အများအပြားကို မြန်မာကနေ ဝယ်ယူနေတာပါ။

ပြည်တွင်းစစ် ကျယ်ပြန့်လာတာ၊ စီးပွားရေး ချွတ်ခြုံကျတာတွေက အိမ်နီးချင်းနိုင်ငံတွေကိုလည်း သက်ရောက်ခဲ့ပါတယ်။ လူကုန်ကူးမှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါး ဒီလို မြန်မာနဲ့ ဆက်စပ်နေတဲ့ ပြဿနာမျိုးစုံကိုလည်း အိမ်နီးချင်းနိုင်ငံတွေက ထည့်သွင်း စဉ်းစားနေရပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG