သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချောင်းဦးနဲ့ ယင်းမာပင်နယ် စစ်ကောင်စီနယ်မြေရှင်းလင်းရေး နေအိမ်အများအပြားမီးရှို့ခံရ


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ မြေပုံ (Google Map)
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ မြေပုံ (Google Map)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းထဲမှာ ချောင်းဦးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့က ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတာမို့ ဒေသတွေခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နယ်မြေရှင်းလင်းစဉ်အတွင်း ဒေသခံတချို့ သေဆုံးတာ၊ နေအိမ်တွေ မီးလောင်ကျွမ်းတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိခဲ့တဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာကို မတ်လ ၁၄ ရက်က စစ်ကောင်စီက နယ်မြေရှင်းလင်းခဲ့ပါတယ်။ နယ်မြေရှင်းလင်းစဉ် နေအိမ်တချို့ မီးလောင်ခဲ့လို့ နေအိမ် ၅၀ နီးပါး မီးလောင်ကျွမ်းခဲ့တဲ့အပြင် စစ်တပ်တွေ ပစ်ခတ်မှုအတွင်း ရွှေလှေကျေးရွာ ဒေသခံ ၁ သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦး ဒေသခံတဦးက အခုလိုပြောပါတယ်။

“ရွှေလှေကျေးရွာကို သေနတ်တွေဖောက်ဝင်တယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ အဲ့မှာပစ်တဲ့အတွက် ငြိမ်းထက်အောင်ဆိုတဲ့ သေနတ်ထိမှန်ပြီး နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်။ နောက်တခါ အမျိုးသမီးတဦး ဒဏ်ရာရတယ်။ သူကတော့ ဆေးရုံးပို့ပေးထားတယ်။ နောက် အိမ်တွေကို မီးရှို့သွားတဲ့အတွက် အိမ်ခြေ ၄၀ ကျော် ၅၀ ဝန်းကျင်လောက် မီးလောင်ဆုံးရှုံးတယ်။ မနက် ၆ နာရီလောက် လင်းအားကြီး အချိန်မှာ ပစ်ပြီးတော့ဝင်လာတယ်။ မီးရှို့တယ်။ ဒါသက်သက်ပဲ တိုက်ပွဲလည်း မဖြစ်ဘူး။ ဘာမှလည်း မဖြစ်ဘူး။”

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ရွှေလှေကျေးရွာကို ရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ ကံကြီးကုန်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ပျူစောထီးတွေ ဝင်ရောက်လာပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၉ ရက်က ကံကြီးကုန်းမှာ တပ်စွဲထားတဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ၂ ဖက် အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ ရောက်လာပြီး ဝယာ ၊ ယာကြီး ၊ ဆီသည်ခံ ကျေးရွာတွေကို ရှင်းလင်းခဲ့ပါတယ်။ အဲဒီကျေးရွာတွေမှာလည်း နေအိမ်တချို့ မီးရှို့ခံရတယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ PDF တွေက ကံကြီးကုန်းကျေးရွာကို ဝင်ရောက်ခိုက်တယ်ဆိုတဲ့ သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားရောက်ပူးပေါင်းချိန်မှာ PDF တပ်ဖွဲ့တွေဟာ ရွှေလှေကျေးရွာဘက်ကို ဆုတ်ခွါ ထွက်ပေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် PDF တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြိး နေအိမ် ၇၅ လုံးနဲ့ နွား ၁၇၅ ကောင်ခန့် မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါက ချောင်းဦးဘက်က အခြေအနေပါ။

ယင်းမာပင်ဘက်မှာဆိုရင်လည်း တိုက်ပွဲတွေ မရှိပေမယ့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံအချို့ ဖမ်းဆီးခံရတာရှိတယ်လို့ မြောက်ယမားဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူ ကိုခန့်က ပြောပါတယ်။

“အဲ့မှာ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမရှိဘူး။ ယင်းမာပင်မြို့နယ် ဘန့်ဘွေး ကျေးရွာ ၊ လက်ပံ ကျေးရွာဘက်မှာ ရန်သူ့စစ်ကြောင်း ထိုးလာတာရှိတယ်ပေါ့နော်။ ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ အခြေအနေပေါ့နော်။ စစ်ဘေးရှောင်တွေကို တွေ့တော့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အခြေအနေရှိတယ်။ အဲ့မှာ အမျိုးသမီးအချို့ပါသွားတာရှိတယ်။ အမျိုးသားအချို့ဖမ်းဆီးခေါ်ဆောင်ခံရတာ ရှိတယ်။ အခု လက်တလော ကျွန်တော်တို့ ကြားနေရတာတော့ အမျိုးသမီးတွေကို ပြန်လွှတ်ပြီးတော့ အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြောတယ်။”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မတ်လ ပထမ အပတ်ကစလို့ စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ပုလဲ ၊ ယင်းမာပင် ၊ ကနီ ၊ မင်းကင်း ၊ ချောင်းဦး စတဲ့ မြို့နယ်တွေကို နေ့စဉ်ရက်ဆက် နယ်မြေရှင်းလင်းတာတွေ လုပ်နေပြီး နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းက မြို့ကြီး ၄ မြို့ကလွဲပြီး ကျန်မြို့နယ်တွေကို အင်တာနက် ဖြတ်တောက် ထားပါတယ်။ အချို့နေရာတွေမှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ စစ်ကောင်စီက အင်တာနက်တွေဖြတ်တောက်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေတဲ့အတွက် သောင်းနဲ့ချီတဲ့ ဒေသခံတွေက စစ်ဘေးဒုက္ခသည်အဖြစ် ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

[[Unicode]]











တိုက်ရိုက် လင့်ခ်

XS
SM
MD
LG