သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘီယာ-မြန်မာအမှု ICJ ဒုတိယအကြိမ် ကြားနာမှု ပြီးဆုံး


ICJ
ICJ

[[ ZAWGYI / UNICODE ]]

ဂမ်ဘီယာ-မြန်မာ အမှု ICJ ဒုတိယအကြိမ်ကြားနာမှု ပြီးဆုံး

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ဂမ်ဘီယာနဲ့မြန်မာအမှု ဒုတိယအကြိမ် ကြားနားပွဲကတော့ ဖေဖေါ်ဝါရီ(၂၈) တနင်္လာနေ့မှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ နောက်ဆုံးပိတ် လျှောက်လဲခဲ့တဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ဥပဒေအကျိုးဆောင်က အချက်(၃)ချက် ဆောင်ရွက်ပေးဖို့ တရားရုံးကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီအချက်တွေ အပါအဝင် ကြားနာမှု အပြည့်အစုံနဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားပါတယ်။

မေး ။ ။ ဦးသန်းလွင်ထွန်း ခင်ဗျာ၊ ဖေဖေါ်ဝါရီ ၂၈ ရက် တနင်္လာနေ့မှာပဲ ICJ တရားရုံးမှာ နောက်ဆုံးနေ့ အဖြစ်နဲ့ ဂမ်ဘီယာဖက်က လျှောက်လဲချက်တွေထဲမှာ ဘယ်လို ထူးခြားတဲ့အချက်တွေ ပါတာ တွေ့ရပါလဲခင်ဗျ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ပြောရရင်တော့ ဘာမှ မထူးခြားဘူးလို့ပဲ ပြောရမှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒါကလဲ လျှောက်လဲချက် အစကတည်းကိုကလည်း ဂမ်ဘီယာဖက်က ရှေ့နေ တယောက်ထဲကပဲ ပြန်ပြီး ချေပသွားတယ်။ အဆုံးသတ်ကိုတော့ ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က နိဂုံးချုပ် လျှောက်လဲတာပေါ့လေ။ ဂမ်ဘီယာဖက်က ဥပဒေ အကျိုးဆောင်က စစချင်းမှာ ဘာပြောလဲဆိုတော့ အခုကြားနာပွဲတွေမှာ မြန်မာဖက်ကလည်း ပြီးခဲ့တဲ့ သောကြာနေ့က အချက်(၄)ချက် အပေါ်မှာပဲ မူတည်ပြီးတော့ - အချက်(၄)ချက်ဆိုတာက ဂမ်ဘီယာနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို Genocide ကျူးလွန်မှုနဲ့ ပတ်သက်ပြီးတော့ စွဲဆိုပိုင်ခွင့် မရှိဘူးတို့ ၊ အလားတူပဲ Genocide Convention အပိုဒ်(၈)မှာပါတဲ့ ကိစ္စကို မြန်မာက လက်မှတ် မထိုးထားဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒါ ICJ အနေနဲ့လည်း လက်ခံပြီး ကြားနာပိုင်ခွင့် မရှိဘူးပေါ့နော်။ နောက်ပြီးတော့ ဂမ်ဘီယာကိုယ်နှိုက်ကလည်း .. နံပါတ်(၁)က နစ်နာတဲ့ နိုင်ငံ မဟုတ်ဘူးပေါ့။ အဲဒါမျိုးတွေ။ နောက်တခုက Proxy လို့ ခေါ်တဲ့ ကြားကိုယ်စားလှယ် အနေနဲ့ .. OIC ရဲ့ ကြားကိုယ်စားလှယ် အနေနဲ့ စွဲပေးတယ်ဆိုတဲ့ကိစ္စ၊ နောက် ဂမ်ဘီယာနဲ့ မြန်မာကြားထဲမှာလည်း တကယ်တမ်း ခြေခြေမြစ်မြစ် အငြင်းပွားနေတာ မရှိပဲနဲ့ အခုတရားရုံးကို တက်လာတာက ဒီလိုမျိုး လုပ်လို့မရဘူး အဆင့်ကျော်နေတယ် ဆိုတာမျိုးပေါ့နော်။ အဲဒီလို(၄)ချက်ကိုပဲ အဓိက ထားပြီးတော့ မြန်မာဖက်ကလည်း သောကြာနေ့မှာ ဒါကို ထပ်တလဲလဲ ပြောသွားတာ ရှိတာပေါ့။ နည်းနည်း အသေးစိတ်လေးတွေ ထပ်ပြောတာကလွဲလို့ပေါ့။ အဲဒီတော့ ဂမ်ဘီယာဖက်က အခုနောက်ဆုံး ချေပတဲ့အခါမှာလည်း မြန်မာဖက်က ပြောတာတွေက ဘာမှ အသစ်အဆန်းတွေ မပါဘူးပေါ့နော်။ အဲဒီတော့ သူတို့ အနေနဲ့ ခပ်တိုတိုတုပ်တုပ်ပဲ ပြောစရာရှိတာတွေ ပြောမယ်ဆိုပြီးတော့ ... ကျနော် အစောက ပြောခဲ့တဲ့အတိုင်းပဲ အသစ်အဆန်း မပါဘူးလို့ပဲ ပြောကြရမှာပေါ့နော်။ ဒါပေမဲ့လည်း တချို့ အချက်ကလေးတွေတော့ ရှိတာပေါ့။ နည်းနည်း ထူးခြားတဲ့ အချက်လေးတွေ ပေါ့။

မေး ။ ။ ဒီနေရာမှာပေါ့လေ Genocide Convention မှာပါတဲ့ အပိုဒ်(၈)ကို မြန်မာက လက်မှတ် မထိုးထားဘူးဆိုတော့ ဒီအချက်အပေါ်မှာရော ဂမ်ဘီယာနဲ့မြန်မာကြားမှာ ဘယ်လို အပြန်အလှန် ငြင်းခုံတာတွေ ရှိပါသလဲခင်ဗျ။

ဦးသန်းလွင်ထွန်း ။ ။ စောစောက ပြောခဲ့သလိုပဲ၊ မြန်မာက သူက ချွင်းချက်ထားတယ်။ အပိုဒ်(၈)ကို ချွင်းချက် အနေနဲ့ လက်မှတ်မထိုးပဲထားတယ်ဆိုတော့ အပိုဒ်(၉)ကိုလည်း ခြုံငုံမိတယ် ဆိုပြီး မြန်မာက ပြောတာကိုး။ ဒါပေမဲ့လည်း ဂမ်ဘီယာကလည်း သူ့နဂို ငြင်းထားတဲ့အတိုင်းပဲ အပိုဒ်(၈)ဆိုတာက ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတွေကိုပဲ ဆိုလိုတာ ICJ ကို သီးသီးသန့်သန့် ပြောတာမဟုတ်ဘူးပေါ့။ အပိုဒ်(၉)မှာက Genocide Convention ကို ချိုးဖေါက်တဲ့ ကိစ္စတွေ ရှိခဲ့ရင် ၊ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ICJ ကို ဦးတိုက်လျှောက်ထားနိုင်တယ် ဆိုပြီးတော့ အတိအကျ ရေးထားတယ်။ မြန်မာက ဒီအပိုဒ်(၉)ကို လက်ခံထားတဲ့ အတွက်ကြောင့်မို့လို့ ICJ မှာ ဒီအမှုကို ကြားနာဖို့ လက်ခံပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘောမျိုးပဲ ပြန်ငြင်းတာပါပဲ ။ အဲဒီတော့ ပြီးခဲ့တဲ့ တခေါက် ၂၀၁၉ ဒီဇင်ဘာမှာ စစချင်း တရားစွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်တို့က ဒီအချက်ကို ပြောဖူးတယ်၊ ပြောတယ် ဆိုပေမယ့်လည်း အဲဒီတုန်းက ICJ က အလားတူပဲ အကြောင်းပြပြီး ငြင်းပြီးသား ဖြစ်တယ်ပေါ့။ နောက် မြန်မာဖက်က ပြောတဲ့အထဲမှာ ထူးခြားချက် တခုလေးပဲပါတာ ဘာလဲဆိုတော့ (ထပ်တိုးလာတာက) ဒါက စာချုပ်အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ပေါ့နော် ၊ ဒီ ချွင်းချက်တခုကို လက်မှတ်ထိုးတယ်ဆိုတာက ဒါ သေချာစဉ်းစားပြီးတော့ ၊ သူ့ရဲ့ သဘောထားကို မြင်စေချင်လို့ ချွင်းချက်ကို လက်မှတ်ထိုးခဲ့တယ်ပေါ့။ အဲဒီတော့ လက်မှတ်ထိုးတဲ့နိုင်ငံတွေရဲ့ ချွင်းချက် သဘောထားကို လေးစားဖို့ လိုမယ်ဆိုပြီး ICJ ကို ပြောတယ်။ အဲဒီတော့ ဂမ်ဘီယာဖက်က ဒါက အသစ်အဆန်းပေါ့နော်။ စာချုပ်ထဲမှာပါတဲ့ အတိအကျ ရေးထားတဲ့ အချက်တွေကို ပိုပြီးစဉ်းစားမလား ၊ ချွင်းချက်ကို လက်မှတ်ထိုးထားပါတယ်ဆိုတဲ့ ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ယူပြီးတော့ ပြန်ထားတဲ့ နိုင်ငံရဲ့အရေးကို အလေးထားပြီးတော့ စဉ်းစားကြည့်ရမှာလား ဆိုတာကတော့ ထူးဆန်းနေပါတယ်ဆိုပြီး သူက ပြန်ပြောတာပေါ့။

အလားတူပဲ အဓိက သူ ပြောသွားတဲ့ကိစ္စမှာလည်း ဂမ်ဘီယာက OIC အစ္စလမ်မစ် အဖွဲ့ရဲ့ ကိုယ်စားလှယ် အနေနဲ့ တရားစွဲပေးတယ်ဆိုတဲ့ ကိစ္စမှာလည်း .. ဒါက မြန်မာပြည်ဟာ ဂမ်ဘီယာကို သက်သက်မဲ့ ကလေးတယောက်လို နှိမ်ပြီး ဆက်ဆံတယ်ပေါ့နော်။ ဂမ်ဘီယာက အချုပ်အခြာ အာဏာပိုင်နိုင်ငံပေါ့။ တကယ်လို့ OIC တို့လို တိုင်ပင်တဲ့ အဖွဲ့တွေ အနေနဲ့ Recommendation လို့ခေါ်တဲ့ ... ဒါလေး လုပ်ပါလားဆိုပြီး ပြောတယ်ဆိုရင်တောင်မှပဲ အဆုံးသပ်မှာ ဂမ်ဘီယာဟာ အချုပ်အခြာအာဏာပိုင် ဖြစ်တဲ့အတွက် သူ့သဘောနဲ့သူပဲ လုပ်ပိုင်ခွင့် ရှိတယ်၊ လုပ်မှာ ဆိုတာမျိုး။ အဲဒီတော့ သူက ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုပြီး လုပ်တာမဟုတ်ဘူး။ သူကိုယ်စားပြုပြီး လုပ်တာက ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ ဂျီနိုဆိုဒ် ကွန်ဗန်းရှင်းအပေါ်မှာ ချိုးဖေါက်နေမှုကိုပဲ သူ့ရဲ့ တာဝန်ခံမှုနဲ့ ကိုယ်စားပြုပြီးတော့ ဒီကိစ္စကို တရားရုံးတင်လာတာ ဆိုပြီး သူက ပြောတယ်။

အလားတူပဲ နောက်ထပ် ထူးဆန်းတဲ့အချက်ကလေးကတော့ ဒီဂမ်ဘီယာက ကိုယ်စားလှယ်အဖွဲ့ ၊ လွန်ခဲ့တဲ့ နှစ်တွေက ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို သွားလည်တယ်။ သွားလည်တဲ့အခါကျတော့ အဲဒီမှာ ကိုယ်စားလှယ်လာတာကို ဒုက္ခသည်တွေက လမ်းမတွေပေါ် တန်းစီပြီးတော့ " ဂမ်ဘီယာ .. ဂမ်ဘီယာ.."ဆိုပြီးတော့ အော်ဟစ် ကြွေးကြော်ပြီးတော့ ကြိုဆိုကြတယ်တဲ့။ အဲဒါလည်း ဗီဒီယိုနဲ့တကွ ရှိပါတယ်ေ့ပါနော်။ ဒါကိုလည်း သူက သက်သေအဖြစ်နဲ့ ပြတယ်။ ဒါကဘာလဲဆိုတော့ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း သူတို့ကို ကိုယ်စားပြုနေတာက ဂမ်ဘီယာနိုင်ငံဆိုတာ သိထားပြီးသားပါလို့ သူက ထည့်ပြောတာကိုး။ အဓိကတော့ ဒါပါပဲ။

မေး ။ ။ ဆိုတော့ အခုဒီတခေါက် ICJ ကြားနာပွဲမှုဟာ ဂမ်ဘီယာနဲ့မြန်မာနိုင်ငံကြား ဖြစ်ပွားနေတဲ့ အမှုကို ဒုတိယအကြိမ် ကြားနာမှုဖြစ်ပါတယ်။ ဒီ ဒုတိယအကြိမ် ကြားနာမှု တခုလုံးကို ခြုံပြီးတော့ ဦးသန်းလွင်ထွန်းအနေနဲ့ ဘယ်လိုများ သုံးသပ်လိုပါသလဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို ယေဘုယျ အားဖြင့် ပြောမယ်ဆိုရင်တော့ စောစောက မေးခွန်းထဲမှာကိုက ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံကြား ဖြစ်တယ်ဆိုတဲ့ အမှုဆိုပြီးတော့ သုံးသွားတာ တွေ့တယ်။ အဲဒီတော့ မြန်မာက ပြောချင်နေတာက ဂမ်ဘီယာနဲ့ မြန်မာကြားထဲမှာ ဘာအမှုမှ မရှိဘူးလို့ ပြောချင်တာကိုး။ ဂမ်ဘီယာအနေနဲ့ သူက သူ့ဖာသူ ကုလသမဂ္ဂရဲ့အစီရင်ခံစာတွေ ဒါမှမဟုတ်ရင်လည်း FFM လို့ခေါ်တဲ့ အချက်အလက်စုံစမ်းရေး ကော်မရှင်က ထုတ်တဲ့ ထုတ်ပြန်စာတွေကို ကိုးကားပြီးတော့ မြန်မာနိုင်ငံကို စွပ်စွဲတယ်။ အရေးယူရမယ်လို့ ပြောနေတယ်။ မြန်မာကကျတော့ ဒီဂမ်ဘီယာရဲ့ ပြောကြားချက်တွေကို ကန့်ကွက်ထားတယ်။ အဲဒီ အစီရင်ခံစာ တွေကလည်း တဖက်သတ် ထုတ်ထားတဲ့ အစီရင်ခံစာတွေလို့ ပြောထားတယ်။

နောက်ပြီး ဒါက တဖက်နဲ့တဖက် ခြေခြေမြစ်မြစ် ငြင်းခုံထားတဲ့ ကိစ္စ မဟုတ်ဘူးပေါ့နော်။ အငြင်းပွားမှုအထိ မဖြစ်ပဲနဲ့ ဒါကို အမှုအနေနဲ့ တင်လာတဲ့အတွက်ကြောင့် ဒီအမှုကို မမြောက်ကြောင်း မြန်မာဖက်က ကန့်ကွက်ထားတယ်။ ဒီကန့်ကွက်ချက်ကို နှစ်ဖက် အပြန်အလှန် ချေပနေကြတာ။ အဲဒီတော့ ဒီတခေါက် ကြားနာမှုတွေက အဲဒါပဲ။ မြန်မာဖက်ကတော့ ဒီကိစ္စဟာ အမှု မမြောက်ကြောင်း ဂမ်ဘီယာဖက်က လုပ်ပိုင်ခွင့် မရှိသလို၊ ICJ ကလည်း ကြားနာခွင့် မရှိဘူးဆိုတဲ့ အကြောင်းတွေကို ကနဦး ငြင်းခုန်/ ငြင်းပယ်တဲ့ လျှောက်လဲချက်ဖြစ်တယ်။ အဲဒါကို ဂမ်ဘီယာဖက်က ပြန်ချေပပြီးတော့ နှုတ်တိုက် ပြန်လျှောက်လဲတာ။

မေး ။ ။ ဟုတ်ကဲ့ ၊ ဒီအမှု တခုလုံးရဲ့ ရှေ့အလားအလာကရော ဘယ်လိုတွေ ရှိလာနိုင်မှာပါလဲ ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဘာပဲပြောပြော ဒီကိစ္စကို နှစ်ဖက်စလုံး ကြားနာပြီးပြီ။ ကြားနာပြီးတဲ့အခါကျတော့ ဒါ ICJ တရားရုံးအနေနဲ့ တစုံတရာတော့ အဆုံးအဖြစ် ပေးရတော့မှာပေါ့။ ဆုံးဖြတ်ပေးရမယ်ဆိုတဲ့ခါကျတော့ တရားရုံးက ဒါတွေ ဒါတွေ လုပ်ပေးပါဆိုပြီး ပြောရတော့တာကိုး။ အဲဒီတော့ တရားရုံးက လုပ်ပေးရမယ့် အချက်(၃)ချက်ကို ဂမ်ဘီယာဖက်က တောင်းဆိုတယ်။ အဲဒါက ဘာလဲဆိုတော့ - (၁) မြန်မာဖက်က တင်ပြလာတဲ့ ကနဦး ငြင်းဆိုချက် လျှောက်ထားမှုကို တရားရုံးက ပယ်ချပေးဖို့ ၊ (၂) ဂမ်ဘီယာဖက်က ပြန်လှန် တင်ပြတဲ့ အကြောင်းချက်တွေကို လက်ခံပေးဖို့။ (၃) ဂမ်ဘီယာက တင်ပြတဲ့ အကြောင်းချက်တွေဟာ ခိုင်လုံတဲ့အတွက် ဒီအမှုကို ဆက်ပြီး ဆောင်ရွက်သွားပေးဖို့ အဆုံးအဖြတ်ပေးပါဆိုပြီး ပြောတယ်။ ဆိုတော့ ဂမ်ဘီယာပြောတဲ့ ဒီ(၃)ချက်စလုံးကို ICJ က လက်ခံလိုက်ပြီ ဆိုရင်တော့ ဒါ အမှုမြောက်သွားပြီပေါ့။ အမှုမြောက်သွားတဲ့အခါကျရင် နောက်လာမယ့်ကိစ္စတွေက ဘာတွေလဲဆိုတော့ မြန်မာပြည်မှာ ဒီရိုဟင်ဂျာတွေ အပေါ်ကို မျိုးတုံးသတ်ဖြတ်မှုတွေ ရှိသလား၊ တကယ်ရောဖြစ်သလား ဘာဖြစ်သလဲဆိုတဲ့ အပြန်အလှန် စစ်ဆေးရမှာတွေကတော့ အများကြီးပါ။ အချိန်ကတော့ ယူရမှာပဲ။

မေး ။ ။ ဒီ နှစ်ဖက် လျှောက်လဲချက်တွေနဲ့ ပတ်သက်ပြီး အမှု မြောက်တယ် မမြောက်ဘူးဆိုတာ ဘယ်တော့ ဆုံးဖြတ်မလဲဆိုတဲ့ ရက်အပိုင်းအခြားကိုရော ကြေညာတာမျိုး ရှိပါသလား။

ဦးသန်းလွင်ထွန်း ။ ။ အဲ ဆုံးဖြတ်ချက် ချဖို့ကတော့ မကြေညာဘူးခင်ဗျ။ ဒီနေ့ အဆုံးသတ်မှာတော့ ICJ ရဲ့ တရားသူကြီးချုပ်က ပြောသွားတာကတော့ ဒါ အားလုံး ... နှုတ်အားဖြင့် တင်ပြတာတွေရော ၊ စာရွက်စာတမ်းအားဖြင့် တင်ပြတာတွေရော တရားရုံးအနေနဲ့ မှတ်တမ်းနဲ့တကွ လက်ခံထားတယ်။ ဒါတွေကို သူတို့ deliberate ပေါ့၊ deliberation ဆိုတာကတော့ သေချာအပြန်အလှန် ဆင်ခြင်သုံးသပ်မယ်။ ပြီးရင် ဒီကြားထဲမှာ လိုအပ်တဲ့ တချို့ကိစ္စရှိလာရင် မေးမယ်ပေါ့။ သင့်တော်တဲ့ တချိန်ကျလို့ရှိရင် ဆုံးဖြတ်ချက်ကို အကြောင်းကြားပါမယ်လို့ ပြောတယ်။ ပုံမှန်အားဖြင့်တော့ ဒါမျိုးက တပတ်လောက်တော့ ကြာလိမ့်မယ် ထင်တာပဲ။ များသောအားဖြင့် ရက် အတော်ကြာကြာကနေ တချို့ဟာဆိုရင်လည်း တပတ် နှစ်ပတ်လောက် ကြာတတ်တယ် ဆိုတော့ အတိအကျတော့ ပြောဖို့ခက်တယ်။

ဒါပေမဲ့ ဒီနေ့ ဂမ်ဘီယာဖက်က ပြောသွားတဲ့ကိစ္စမှာတော့ ထူးခြားတဲ့ စွပ်စွဲမှု တခုရှိတယ်။ မြန်မာဖက်ကနေပြီးတော့ ဒီအမှု ရုံးတော်မှာ ကြားနာခွင့် မရှိဘူးတို့ဘာတို့ ညာတို့ပြောပြီးတော့ တင်နေတာကို သူက ဘယ်လိုစွပ်စွဲလည်း ဆိုတော့ .. ဒါဟာ အချိန်ကို တမင်သက်သက် ကြန့်ကြာအောင် လုပ်တယ်ပေါ့နော်။ ဒီနေရာမှာ သူတို့ ထောက်ပြတာက ဥပမာအားဖြင့် ရေပြင်ပိုင်နက်တို့ဘာတို့ နှစ်နိုင်ငံကြား အငြင်းပွားတဲ့ကိစ္စတွေဆိုရင် ဒီ ICJ ကို တင်လာတာတွေ ရှိတယ်။ အဲလို အမှုမျိုးကျတော့ ရုတ်တရက် လူတွေ နစ်နာသွားတာတို့ ၊ ချက်ချင်း လူတွေသေကြေတာတို့ ဒုက္ခရောက်တာတို့ဘာတို့ ချက်ချင်း မပေါ်လွင်ဘူး။ အချိန်ယူပြီး အပြန်လှန် ငြင်းနေလို့ရတယ်။ ဒါပေမယ့် အခုဆိုရင် ဘင်္ဂလားဒေ့ရှ်ဖက်မှာ လူ ၆ သိန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေ အတွက် ဆိုလို့ရှိရင် ဒီကိစ္စကြီးက သူတို့ဘဝ တွေအတွက် စိုးရိမ်စရာတွေဖြစ်တယ်။ အန္တရာယ်တွေ ရှိတယ်။ အချိန်ကြာတာနဲ့အမျှ ပြဿနာတွေက ပိုဆိုးလာနိုင်တယ်။ အဲဒီတော့ ဒီကိစ္စဟာ မြန်မာက လုပ်သလိုမျိုး အချိန်ဆွဲ မနေပဲနဲ့ ICJ အနေနဲ့ မြန်မြန်ဆန်ဆန် အမှုကိုလက်ခံ ၊ မြန်မြန်ဆန်ဆန် ကြားနာဆုံးဖြတ် ပေးပါဆိုပြီး သူက လျှောက်လဲခဲ့တယ်ခင်ဗျ။

ကျေးဇူးတင်ပါတယ်။ ဦးသန်းလွင်ထွန်းခင်ဗျာ။

ကောင်းပါပြီ။

တိုက်ရိုက် လင့်ခ်

======================

{{ UNICODE }}



















ဆက်စပ်သတင်းများ ...

XS
SM
MD
LG