သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ ကာကွယ်ဆေးထိုး စီမံချက်၊ ဘာအခက်အခဲတွေ ရှိနိုင်သလဲ


Virus Outbreak
Virus Outbreak

ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ် ပြသနာ ဖြေရှင်းရေးမှာ ပြည်သူတွေကို ကာကွယ်ဆေး ထိုးပေးဖို့ကိစ္စ အလွန် အရေးကြီးတဲ့အကြောင်း စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီ ဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အတိုက်အခံ NUG အစိုးရအဖွဲ့ဘက်ကပါ နားလည်နေကြပြီ လို့ ယူဆနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကိုဗစ် ကပ်ဘေးပြသနာကို ဦးဆောင် ကိုင်တွယ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေမှာ ကာကွယ်ဆေး ဆိုင်ရာ ကိစ္စ ဆက်တိုက် ပြောဆိုနေတာ တွေ့မြင်ကြရသလို၊ NUG အစိုးရဘက်ကလည်း မြန်မာနိုင်ငံတွင်း ကာကွယ်ဆေးတွေ ရရှိရေးကိစ္စ၊ ပြည်သူတွေ ထိုးနှံနိုင်ရေးကိစ္စ သူတို့ ကြိုးစားနေတဲ့အကြောင်း ပြောဆိုမှုတွေ ကြားကြရပါတယ်။ တရုတ်နယ်စပ်မှာ အခြေစိုက်ပြီး တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့ သူတို့ နယ်မြေတွေထဲမှာ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေ ထိုးနှံပေးနေကြသလို၊ အပစ်ရပ် NCA စာချုပ် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကလည်း Covid-19 ကာကွယ် ကုသရေးဆိုင်ရာ ဆေးနဲ့ အထောက်အကူ ပစ္စည်းတွေ၊ ကာကွယ်ဆေးတွေ နိုင်ငံတကာကနေ အကူအညီရဖို့ ကြိုးစားသွားမယ်ဆိုပြီး ကြေညာထားကြပါတယ်။ အခုလို ကာကွယ်ဆေး ထိုးနှံနိုင်ရေးကိစ္စ အရေးကြီးပုံကို ဘက်အားလုံးက နားလည်သည့်တိုင် အခြား ပြသနာတွေလည်း ရှိနေပါသေးတယ်။


လက်ရှိ စစ်ကောင်စီရဲ့ Covid-19 ကာကွယ်ဆေးထိုးစီမံချက်နဲ့ အကောင်အထည် ဖော်နေမှုဟာ အားရစရာ သိပ်မကောင်းပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီ ၂၀၂၁ အကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်လောက် ကာကွယ်ဆေး ထိုးပေးမယ်၊ ဖြစ်နိုင်ရင် ၇၀% လောက်အထိ ထိုးပေးနိုင်ဖို့ ရည်မှန်းတယ်လို့ ဆိုပါတယ်။ ဒေါက်တာခင်ခင်ကြီးနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေဘက်ကတော့ အရွယ်ရောက်သူတွေရဲ့ ၅၀% လောက် ထိုးပေးနိုင်ဖို့ စီမံချက် ချထားတယ်လို့ ဆိုကြပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ဦးတည်လူဦးရေကို သန်း ၃၀ နဲ့ တွက်ချက် ပြောဆိုတာ တွေ့ကြရပြန်ပါတယ်။ အဓိပ္ပါယ်ကတော့ ၂၀၂၁ ခုနှစ်အတွင်း ကာကွယ်ဆေး ဘယ်လောက် ထိုးမလဲ ဆိုတဲ့ ရည်မှန်းချက်ကိုတောင် အမျိုးမျိုး အဖုံဖုံ ပြောဆိုနေကြတာမို့ စစ်ကောင်စီမှာ တိကျတဲ့ စီမံချက် ရှိမှ ရှိပါရဲ့လား ဆိုတာကိုတောင် သံသယ ဖြစ်စရာပါ။


နောက်တစ်ချက်ကတော့ ကာကွယ်ဆေး ရရှိမှုပါ။ အရင် ရွေးကောက်ခံ အစိုးရ လက်ထက်တုန်းက အိန္ဒိယ နိုင်ငံက ကူညီလှူဒါန်းပေးတဲ့ Covishield ကာကွယ်ဆေး ၃သန်းခွဲ လက်ခံရရှိခဲ့ဖူးပါတယ်။ စစ်ကောင်စီ လက်ထက်မှာတော့ တရုတ်က လှူဒါန်းတဲ့ sinopharm ကာကွယ်ဆေး ၂ သန်းခွဲနဲ့ မြန်မာက ဝယ်ယူတဲ့ sinovac ကာကွယ်ဆေး ၂ သန်းထဲက ၁ သန်း ရောက်ပါပြီ။ ဇူလိုင် လကုန်အထိဆို စုစုပေါင်း ၇ သန်းလောက် ရောက်ပြီး ထိုးပြီး၊ ထိုးနေဆဲပါ။


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ လူ သန်း ၃၀ စာအတွက်ဆို ကာကွယ်ဆေး သန်း ၆၀ လောက် လိုမှာဖြစ်တာကြောင့် နောက်ထပ် သန်း ၅၀ ကျော် ဝယ်ရဦးမယ့် သဘော ဖြစ်နေပါတယ်။ သေခြာတာကတော့ ဒီနှစ်မကုန်ခင် ကာကွယ်ဆေး အဲလောက် အရေအတွက် ဝယ်ယူရရှိဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။


လတ်တလော စစ်ကောင်စီဘက်က ကာကွယ်ဆေး ထိုးနှံနေမှုမှာလည်း ပြသနာတွေ အများကြီး ရှိနေပါတယ်။ ပထမ ပြသနာက အခု ဇူလိုင်လထဲ ရောက်လာတဲ့ sinopharm ၂ သန်းနဲ့ sinovac ၁ သန်း၊ စုစုပေါင်း ၃ သန်းစလုံးကို ပထမအကြိမ်အဖြစ် ထိုးနှံပေးလိုက်ခြင်းပါ။ လက်ရှိ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးနှံပေးတဲ့ စနစ်ဟာ Johnson & Johnson ကလွဲရင် ကာကွယ်ဆေး တစ်မျိုးထဲကို ၂ ကြိမ် ထိုးနှံဖို့ပါ။ လက်ရှိ စစ်ကောင်စီက လူ ၃ သန်းကို sinopharm ၂ သန်းနဲ့ sinovac ၁ သန်းစီ ထိုးထားပေးအတွက် သြဂုတ်လ အတွင်း ကာကွယ်ဆေး ၃ သန်း အချိန်မီ ရောက်လာဖို့ လိုပြီး အဲဒါကလည်း sinopharm ၂ သန်းနဲ့ sinovac ၁ သန်းစီ ဖြစ်ဖို့ လိုသလို၊ ဒုတိယ အကြိမ် ထိုးတဲ့အခါ လူတိုင်းကို နဂို ထိုးနှံပေးတဲ့ ကာကွယ်ဆေး အမျိုးအစားအတိုင်း ထိုးပေးဖို့ လိုပါတယ်။ အဲလို မဖြစ်ခဲ့ရင်တော့ ကာကွယ်ဆေး ထိုးနှံရမယ့် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတော့မှာ မဟုတ်ပါဘူး။


နောက်ပြသနာ တစ်ခုက ကာကွယ်ဆေး ထိုးရာမှာ စစ်ကောင်စီက ကြေညာနေသလို အစီအစဉ် တကျ ဖြစ်မနေတာပါ။ ဖြစ်ရမှာက မြို့နယ် ရပ်ကွက်အလိုက် အသက် ၆၅ နှစ်နဲ့ အထက် လူဘယ်လောက်ရှိတယ်၊ အဲဒီကြိုတင် ကောက်ယူထားတဲ့ စာရင်းပါအတိုင်း လူတွေကို ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ကာကွယ်ဆေး ထိုးရမလဲ၊ ကြိုတင်လက်မှတ်တွေ ဖြန့်ဝေပေး၊ သတ်မှတ်နေ့ သတ်မှတ်ချိန် ကျန်းမာရေးက သွား၊ ထိုးနှံသင့်သူ ဟုတ်မဟုတ် ကျန်းမာရေး စစ်ဆေးပြီး ထိုးနှံပေး၊ ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်တွေမှာ စနစ်တကျ ဖြည့်သွင်းပေး၊ နောက် ထိုးရမယ့် ရက်ချိန်း စနစ်တကျ သတ်မှတ်ပေး စသဖြင့် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ ဖြစ်နေတာက ဆေးမထိုးခင် တစ်ရက် ရပ်ကွက်ထဲမှာ လှည့်ပြီး ဘယ်နေ့ ဆေးထိုးမယ်၊ အသက် ၆၅ နှစ်နဲ့ အထက် ရှိသူတွေ မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်း ယူလာခဲ့၊ အိမ်ထောင်စု စာရင်းမရှိရင် အုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူလာပြီး လာထိုး ဆိုတာလောက် ကြေညာပြီး အဆင်ပြေသလို ထိုးပေးနေတာပါ။ ဆေးထိုးပြီးကြောင်း လက်မှတ်မှာလဲ နာမည်၊ အသက်၊ ဆေးအမျိုးအစားနဲ့ Lot နံပတ်၊ ဘယ်နေ့ ထိုးပေးတယ် ဆိုတာလောက်ကလွဲရင် ကျန် အချက်အလက်တွေ ဘာမှ ဖြည့်သွင်းမထားတဲ့ အနေအထားမျိုးပါ။ ပြောရရင် ကာကွယ်ဆေး ထိုးတာကို အဆင်ပြေသလို လုပ်ကိုင်နေကြသလို၊ တစ်ချို့ မြို့နယ် ရပ်ကွက်တွေမှာ ကာကွယ်ဆေး လာမထိုးတာမျိုး၊ တစ်ချို့ ရပ်ကွက်တွေမှာတော့ ကာကွယ်ဆေး မလောက်ငှတာမျိုးလည်း တွေ့ကြရပါတယ်။


ခုဆိုရင် မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်းလို အဖွဲ့အစည်း တစ်ချို့၊ ပုဂ္ဂလိက ဆေးရုံတစ်ချို့နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ချို့က စစ်ကောင်စီ ခွင့်ပြုချက် ရယူပြီး ကာကွယ်ဆေး တင်သွင်း၊ အခကြေးငွေနဲ့ ထိုးနှံမယ့် အစီအစဉ် စတင်နေကြတာမျိုးတော့ ရှိနေပါပြီ။ ဈေးနှုန်း အမျိုးမျိုး ဖြစ်နေပေမယ့် ဒါတွေဟာ စစ်ကောင်စီရဲ့ ကာကွယ်ဆေးထိုး စီမံချက်ကို အကူအညီတော့ ဖြစ်စေပါလိမ့်မယ်။
နောက်ထပ် အရေးကြီး ပြသနာ တစ်ခုက ကာကွယ်ဆေး ဝယ်ယူရရှိနိုင်ဖို့ နဲ့ ငွေကြေး လိုအပ်ချက်ပါ။ ကာကွယ်ဆေး ဝယ်ယူရရှိဖို့၊ နိုင်ငံတကာ အထောက်အပံ့ ရဖို့ ဆိုတာကတော့ စစ်ကောင်စီရဲ့ သံရေးတမန်ရေး ကြိုးစားနိုင်မှုအပေါ် မူတည်နေမှာဖြစ်ပြီး နိုင်ငံတကာက ဝိုင်းပယ်ထားတဲ့ အာဏာသိမ်း အဖွဲ့အတွက် သိပ်ပြီး လွယ်ကူမယ့်ပုံတော့ မပေါ်ပါဘူး။ ငွေကြေးအနေနဲ့ ဆိုရင် စစ်ကောင်စီမှာ အရင်အစိုးရလက်ထက် အစိုးရမတည်ငွေနဲ့ ပြည်သူလှူဒါန်းငွေ ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်လောက် ရှိနေပြီး အဲဒီထဲကနေ တရုတ်နိုင်ငံက sinovac နဲ့ sinopharm ကာကွယ်ဆေး ဝယ်ယူငွေ ဒေါ်လာ ၂၈ သန်း သုံးပြီးပါပြီ။ လက်ကျန်ငွေနဲ့ ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ လူ သန်း ၃၀ စာအတွက် နောက်ထပ် ကာကွယ်ဆေး သန်း ၅၀ ကျော် ထပ်ဝယ်ဖို့ လုံလောက်မှာ မဟုတ်သလို နိုင်ငံတကာ အကူအညီ ကြီးကြီးမားမား မရရင် ငွေကြေးလိုအပ်မှု အခက်အခဲနဲ့လည်း ကြုံရနိုင်ပါတယ်။ ဒီအချက်တွေ အားလုံးကို သုံးသပ်ကြည့်လိုက်ရင် မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်ပြသနာကို အဆုံးသတ်မယ့် ကာကွယ်ဆေးထိုး လုပ်ငန်းဟာ အောင်မြင်မှု ရဖို့ သိပ်မလွယ်သေးတဲ့ အခြေအနေမို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ အာဏာ ချုပ်ကိုင်ထားနိုင်သေးသ၍ အရှေ့တောင် အာရှမှာ အခြားနိုင်ငံတွေ ကိုဗစ် ကင်းစင်သွားတဲ့တိုင် မြန်မာနိုင်ငံထဲမှာ ကိုဗစ် ပြသနာ ဆက်ပြီး ရှိနေတာမျိုးကို မြင်တွေ့ရနိုင်ကြောင်းပါ။

----------------------------------------



XS
SM
MD
LG