သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစီရင်ရေးကဏ္ဍမှာ စစ်ဘက်ပုဂ္ဂိုလ်တွေခန့်အပ်မှု ကန့်ကွက်တဲ့ ဖဲကြိုးဝါလှုပ်ရှားမှု စတင်


စစ်ဘက်ကပုဂ္ဂိုလ်တွေ တရားစီရင်ရေး နယ်ပယ်မှာ ပါဝင်လာမှုကို ကန့်ကွက်တဲ့ ဖဲကြိုးဝါလှုပ်ရှားမှု (Yellow Ribbon Campaign) ကို စက်တင်ဘာ ၉ ရက်နေ့ စတင်လိုက်ပါတယ်။ အမိန့်ပေးတဲ့ တရားစီရင်ရေးစနစ် ပပျောက်ရေး၊ တရားစီရင်ရေး နယ်ပယ်ကို စစ်တပ်က ထိန်းချုပ်တာကို မလိုလားတဲ့အတွက် အခုလို ကန့်ကွက်တာ ဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အခုလို စစ်ဘက်ပုဂ္ဂိုလ်တွေ အရပ်ဘက် တရားစီရင်ရေး နယ်ပယ်မှာ ပါဝင်လာတာဟာ မဖြစ်သင့်ဘူးလို့လည်း ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုရန်နိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍမှာ စစ်ဘက်မှ ပုဂ္ဂိုလ်များ ပြောင်းရွှေ့ပါဝင်လာမှုအပေါ် ကန့်ကွက်တဲ့ ဖဲကြိုးဝါလှုပ်ရှားမှု (Yellow Ribbon Campaign) ကို ရှေ့နေတွေက စတင်လိုက်ပါတယ်။ နေပြည်တော်ကောင်စီ ဒက္ခိဏသီရိ တရားရုံးရှေ့မှာ စက်တင်ဘာ ၉ ရက်နေ့က စတင်လိုက်တဲ့ ဖဲကြိုးဝါလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပျဉ်းမနားရှေ့နေအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရှေ့နေဦးခင်မောင်ဇော်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“တရားစီရင်ရေးမှာ ခေတ်သစ် အမိန့်စစ်သွေးတွေ ဝင်လာလို့ရှိရင် အဲဒီတရားစီရင်ရေးမှာ ကျနော်တို့ အခက်အခဲတွေ့မယ်။ နောက်တခါ militarization စစ်ဇာတ်သွင်းပြီဆိုရင် ဒါ မကောင်းဘူးလို့ ကျနော်တို့ ယူဆတယ်။ နောက်တခုကတော့ အခုလုပ်တာဟာ တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ တက်လာမယ့်အစိုးရ၊ တပ်နဲ့ သိပ်အဆင်မပြေတဲ့ အစိုးရဖြစ်ရင် အခုကတည်းက ကြိုတင်ပြီးတော့ ထည့်ထားပြီးတော့ အဲဒီအစိုးရကို ဟိုဘက်ဒီဘက် ညှပ်ပြီးတော့ ကိုင်ထားဖို့ လုပ်တယ်လို့ပဲ ကျနော်တို့ ယူဆတယ်ပေါ့။ အဲဒါကြောင့်လည်း ဒါကတော့ စမ်းကြည့်ရမှာပဲ ဆိုပြီးတော့ ကျနော်တို့က ဒီလှုပ်ရှားမှုကို လုပ်တာပါ။”

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ အမိန့်ပေးတဲ့ တရားစီရင်ရေးစနစ် ပပျောက်ရေးနဲ့ ဒီမိုကရေစီ တရားစီရင်ရေး ထွန်းကားစေဖို့အတွက် ရည်ရွယ်တယ်လို့လည်း Yellow Ribbon Campaign Myanmar ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စစ်ဘက်ပုဂ္ဂိုလ်တွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ နေရာပေးခန့်အပ်မှုအပေါ် ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ကန့်ကွက်ခဲ့ကြပြီးတဲ့နောက်၊ ရှေ့နေတွေကလည်း တရားစီရင်ရေး နယ်ပယ်မှာ စစ်ဘက်က ပုဂ္ဂိုလ်တွေ ပါဝင်လာမှုတွေကို တခါ အခုလို ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။ အခုလို ဖဲကြိုးဝါ (Yellow Ribbon) လှုပ်ရှားမှုကို သူ့အနေနဲ့ ထောက်ခံတယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“စစ်ဘက်ကလူတွေကို အရပ်ဘက် အုပ်ချုပ်ရေးတွေ ဘက်တွေမှာ ပြောင်းပြောင်းပြီးတော့ ထည့်ပြီးတော့ နေရာတွေကို ဖြည့်သွင်းတာဟာ သူတို့ ဒီ အရပ်ဘက် အုပ်ချုပ်ရေးယန္တရားပေါ်မှာ စစ်တပ်ရဲ့ အင်အားတွေကို ဖြည့်ဆည်းနေတယ်လို့ ကျနော် အဲ့ဒီလိုပဲ မြင်ပါတယ်။ ဒါကြောင့်မို့ ဒီ (Yellow Ribbon) လှုပ်ရှားမှုကို ကျနော့်အနေနဲ့ ပြောရင် ကျနော် အပြည့်အ၀ ထောက်ခံပါတယ်။”

တကယ်တော့ ၁၉၆၂ ခုနှစ် ဦးနေဝင်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစပြီး ၊ စစ်ဘက်က ပုဂ္ဂိုလ်တွေ အများအပြားဟာ တရားရေးနယ်ပယ်ထဲကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး၊ တရားရုံးချုပ် တရားသူကြီးတွေ အဖြစ်နဲ့ရော ၊ ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့ဝင်တွေ အဖြစ်နဲ့ပါ ထိပ်တန်းနေရာ တာဝန်တွေကို ယူခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ရဲ့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဟာဆိုရင်လည်း စစ်ဥပဒေချုပ်ရုံးကနေ အရပ်ဘက် တရားစီရင်ရေး နယ်ပယ်ထဲကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ အဲဒီလို စစ်ဘက်ပုဂ္ဂိုလ်တွေ အရပ်ဘက် တရားစီရင်ရေးကဏ္ဍမှာ ခေတ်အဆက်အဆက် ပါဝင်တာတွေ ရှိလာခဲ့ပြီး၊ အခုမှ ဘာကြောင့် ကန့်ကွက်ရသလဲဆိုတဲ့ အပေါ်မှာတော့ ရှေ့နေ ဦးခင်မောင်ဇော်က အခုလို ပြောပါတယ်။

“အစကတည်းက ဒီဥစ္စာကြီးက သဘာဝမကျဘူးပေါ့ဗျာ။ အဲဒီအစောပိုင်းတုန်းက တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ် တို့ ဘာတို့ဟာ သူတို့မှာ ဥပဒေဘွဲ့တွေနဲ့ ဥပဒေပညာတွေ ရှိတယ်။ အဲတော့ အခုဝင်လာတဲ့သူတွေက အဲ့လိုမဟုတ်တော့ဘူး။ ရိုးရိုးတပ်ကနေပြီးတော့မှ ဝင်လာတာမျိုးတွေ ဖြစ်လာတယ်။ သူတို့မှာ အရည်အချင်းရှိလို့ တင်တာ မဟုတ်တော့ဘဲနဲ့ တမင်ကိုပေါ့ဗျာ တပ်ကလူတွေကို နေရာပေးတာမျိုး၊ ဖြစ်လာတယ်နော်။ အဲဒီလူတွေက တရားစီရင်ရေး တကယ်လုပ်မယ်ဆိုရင် သူတို့အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ပဲ ကျနော် ယူဆတဲ့ အတွက်ကြောင့်ပါ။”

တရားစီရင်ရေးနယ်ပယ်အတွင်း အုပ်ချုပ်ရေးအာဏာပိုင်တွေ ယုံကြည်ရတဲ့ စစ်ဘက်က ပုဂ္ဂိုလ်တွေကို ခန့်အပ်တာဟာ တရားစီရင်ရေးမဏ္ဍိုင်ကို အမိန့်နာခံတတ်တဲ့သူတွေကို ခန့်အပ်ထားချင်လို့ ဖြစ်တယ်လို့ ရှေ့နေဦးအောင်သိန်းက သုံးသပ်ပါတယ်။ အခုလို စစ်ဘက်ပုဂ္ဂိုလ်တွေ အရပ်ဘက် တရားစီရင်ရေးကဏ္ဍမှာ ပါဝင်လာတာတွေဟာ မဖြစ်သင့်ဘူးလို့ သူက အခုလို ပြောပါတယ်။

“တပ်ကနေ ပြောင်းလာတယ်၊ အစားထိုးတယ်၊ ထည့်တယ်ဆိုတာက သူတို့စစ်ဥပဒေ သင်ရင်သင်ပေးမှာပေ့ါဗျာ။ အရပ်ဘက် တရားစီရင်ရေးရဲ့ ပုံသဏ္ဍာန်နဲ့ စစ်တပ်ရဲ့ စစ်ဆေး စီရင်ပုံစံတွေဟာ ဘယ်လိုမှ ဆက်စပ်လို့ ရတာ မဟုတ်တာ များတယ်ဗျ။ သီးခြားစီလည်းဖြစ်တယ် အဲဒါ။ အဲဒီပုဂ္ဂိုလ်တွေက ဒီဘက်တွေမှာ လာပြီးတော့ အကြီးဆုံးရာထူး၊ အမြင့်ဆုံးရာထူးတွေနဲ့ တရားစီရင်ရေးမှာ ဝင်ရောက်ထိုင်တဲ့ အခါကျတော့ ဒါကြီးကတော့ တကယ် တရားစီရင်ရေးစနစ်မှာ မဖြစ်သင့်တဲ့အရာ”

Yellow Ribbon Campaign ဖဲကြိုးဝါလှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာရှိတဲ့ ရှေ့နေအဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။ ရှေ့နေများ၊ တရားသူကြီးများ၊ ဥပဒေကျောင်းသား ကျောင်းသူများနဲ့ စစ်ဘက်က နယ်ပယ်အသီးအသီးမှာ ပါဝင်နေမှုကို မထောက်ခံတဲ့ သူများအနေနှင့် တရားရုံးနဲ့ ရုံးဌာနတွေ သွားတဲ့အခါမှာ အဝါရောင်ရင်ထိုးဖဲကြိုးတွေ ထိုးကြဖို့ Yellow Ribbon Campaign Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG