သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးဌာန စစ်အရာရှိများ ခန့်ထားမှု ရပ်ဆိုင်းမည်


တပ်မတော် အရာရှိတို့ကို ကျန်းမာရေးဝန်ကြီးဌာန ရာထူးနေရာတွေ ခန့်အပ်တာကို အရပ်သား ဆရာဝန်တို့ တခဲနက် ကန့်ကွက်ခဲ့ကြပြီးနောက်မှာတော့ တပ်မတော်သားတွေ ခန့်အပ်တဲ့ အစီအစဉ်ကို ဆက်မလုပ်တော့ဘူးဆိုပြီး ကျန်းမာရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

အရပ်ဘက် ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေတဲ့ အရည်အချင်းပြည့် အရပ်သား ဆရာဝန်တွေ အများအပြား ရှိနေချိန်မှာ စစ်ဗိုလ်တချို့ကို အရာရှိကြီးတွေအဖြစ် တန်းခန့်အပ်လိုက်တာဟာ အခွင့်အရေးပိုပေးတာ ဖြစ်တယ်ဆိုပြီးလည်း ဆရာဝန်တွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ အရပ်သား ဆရာဝန်တို့ရဲ့ လှုပ်ရှားမှု အခြေအနေကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

Say No to Militarization - ကျန်းမာရေးဝန်ကြီးဌာနမှာ စစ်စနစ်သွပ်သွင်းမှုကို ငြင်းဆိုကြဆိုတဲ့ ဆောင်ပုဒ်နဲ့ တပ်မတော်သားတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ စီမံခန့်ခွဲမှု အုပ်ချုပ်မှု ရာထူးကြီးတွေ ခန့်အပ်တာကို ကန့်ကွက်တဲ့ ဖဲကြိုးနက် လှုပ်ရှားမှုကိုတော့ နိုင်ငံတဝန်းက အရပ်သား ဆရာဝန်တွေ ရာနဲ့ချီ ပါဝင်ခဲ့ကြပါတယ်။ လှုပ်ရှားမှု စပြီး ရက်ပိုင်းအကြာ သြဂုတ်လ ၁၁ ရက်နေ့မှာတော့ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းအောင်က တပ်မတော်သားတွေကို အရပ်ဘက် ရာထူးကြီးတွေ ခန့်အပ်မှုကို ရပ်ဆိုင်းမယ်လို့ နှုတ်ကတိနဲ့ ပြောဆိုခဲ့တဲ့အကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ အတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ စောဝင်းက အခုလို ပြောပါတယ်။

“ဒီနေ့ညနေမှာတော့ ဆေးတက္ကသိုလ် ၁ တို့ ၂ တို့မှာလည်း ပညာရေးအဖွဲ့ အစည်းအဝေးလုပ်ပြီးတော့ ဒါကို ပြောပါတယ်။ ကျနော်တို့နဲ့လည်း ဒီ သစ်တောဥက္ကဌနဲ့ ပါမောက္ခချုပ် တယောက်ကတဆင့်ပေါ့နော် ဝန်ကြီးဌာနနဲ့ အဆက်အသွယ်ရှိပါတယ်။ သူက အဲဒီပါမောက္ခချုပ်ကတဆင့်ပေါ့နော် ကျနော်တို့ ဒီဥက္ကဌကို ပြောပါတယ်။ ဝန်ကြီးဌာနက ဒီကိစ္စကို ဆက်ပြီးတော့ မလုပ်တော့ပါဘူး။ ဆရာဝန်အများစုရဲ့ ဆန္ဒကြောင့်မို့လို့ မလုပ်တော့ပါဘူးပေါ့နော်။ အဲဒီမလုပ်တဲ့ဟာကိုလည်း ကျနော်တို့ သတင်းဖြန့်ဝေလို့ ရပါတယ်ဆိုလို့ ကျနော်တို့ ဖြန့်လိုက်တာဖြစ်ပါတယ်။ အခုက ဆက်လက် မလုပ်ဆောင်တော့ပါဘူးဆိုတာကိုတော့ ကြားပါတယ်ခင်ဗျ။ အဲဒီ ပြန်တမ်းဝင် အရာရှိအနေနဲ့ ထုတ်ထားတာကို ပြန်ပြီး ရုပ်သိမ်းတာတွေ ဘာတွေတော့ ကျနော် အတိအကျ မသိပါဘူး။”

အခု ကျန်းမာရေးဝန်ကြီးက တရားဝင် မဟုတ်ဘဲ ပြောဆိုခဲ့တာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဆရာဝန် အသင်းက ပြောပါတယ်။ စစ်ဘက် အရပ်ဘက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ နယ်ပယ်ခြင်း မတူတာကြောင့် တပ်မတော်သား ဆရာဝန်တွေ အရပ်ဘက်ကို ပြောင်းတာမှာ လုံလောက်တဲ့ အတွေ့အကြုံရှိဖို့ကလည်း အရေးကြီးတယ်လို့ ပါမောက္ခ ဒေါက်တာ စောဝင်းက ပြောပါတယ်။

“အဲဒါက ဒီလိုရှိပါတယ်။ အစကတည်းက သဘာဝမတူတာမျိုး ရှိတယ်ပေါ့နော်။ ဥပမာ တပ်မတော် (ဆေး) မှာက ဝင်လာကတည်းက သူက DSMA ကျတော့ အကယ်ဒမီ ဖြစ်ပါတယ်။ သူတို့က လခရပါတယ်။ ဝန်ထမ်းစတယ်ပေါ့နော်။ ဒီဘက်က ဆေးတက္ကသိုလ်တွေကတော့ သူတို့က ကျောင်းသားပါ။ စပြီးတော့ အောင်ပြီးတော့ အလုပ်လျှောက်ပြီးတော့ အလုပ်ရတာပါ။ အဲတော့ လုပ်သက်နဲ့ ယှဉ်လို့ယှဉ်ရင်တော့ လုပ်သက်က အရမ်းကွာသွားမှာပေါ့နော်။ ဒီဘက်က ကျောင်းသားက လုပ်သက် ၁ နှစ်ပဲရှိတဲ့အချိန်မှာ သူ့ဘက်ကလူက လုပ်သက်အရ ၇ နှစ်၊ ၈ နှစ်ဖြစ်မယ်။ အဲလိုမျိုးနဲ့ သွားဝင်လို့ရှိတော့လည်း အကုန်လုံးက စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်သွားမှာပေါ့။ အဲလိုရှိပါတယ်။ နောက်တခုက သင်ရိုးညွှန်းတမ်းတွေကတော့ ကျနော်တို့ တက္ကသိုလ်နဲ့ သူတို့တက္ကသိုလ်က အတူတူလောက်ပါပဲ။ ဦးစားပေးတာတွေ ဘာတွေတော့ ကွာမှာပေါ့နော်။ ဥပမာဆိုလို့ရှိရင်တော့ ထိခိုက်ဒဏ်ရာ ရတာမျိုးတွေကို တပ်မတော်ဘက်က ပိုပြီး ဦးစားပေးပါလိမ့်မယ်။ စာမေးပွဲတွေ ဘာတွေကတော့ ကျနော်တို့ အတူတူစစ်တာ ဖြစ်ပါတယ်။ လုပ်တာကတော့ လုပ်နိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့လည်း ဒီဘက်က အဆင့်မြင့်ပေါ့လေ အတွေ့အကြုံရှိဖို့ လိုတာပေါ့။ ဘယ်လုပ်ငန်းမဆို ဒီနေ့ဝင်လာ ဒီနေ့အကုန် တတ်တာမျိုးတော့ မဟုတ်ဘူးပေါ့။”

စစ်ဘက်ဆိုင်ရာ ဆရာဝန်တို့မှာလည်း ရာထူးခန့်အပ်ဖို့ နေရာလိုအပ်ကောင်း လိုအပ်လာတာကြောင့် အရပ်ဘက်ကို ခန့်အပ်လာတာ ဖြစ်နိုင်တယ်လို့ ပါမောက္ခ ဒေါက်တာ စောဝင်းက ပြောပေမယ့် အရပ်ဘက် ဆရာဝန်တွေကို ကျော်ပြီး အခွင့်ထူးခံတဲ့ အခြေအနေမျိုးကတော့ မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။

“အဲလို အခွင့်ထူးခံတဲ့ သဘောမျိုးကတော့ မဖြစ်သင့်ဘူးပေါ့နော်။ အားလုံး equal chance နဲ့ ပွင့်လင်းမြင်သာရှိမှုနဲ့ လစ်လပ်တဲ့ ရာထူးတွေက ဖြစ်ဖို့ကောင်းတယ်ဆိုတဲ့ အကြံမျိုးပြုဖို့ စိတ်ကူးထားပါတယ်။ ဆရာဝန်လေးတွေထဲမှာလည်း ဘွဲ့ရထားပြီးတဲ့နောက်မှာ ကျနော်တို့ အလုပ်မဝင်ရသေးတဲ့သူတွေရှိတယ်။ အလုပ်ထဲမှာလည်း တော်တော် ကြိုးစားပြီးတော့ လုပ်ကိုင်နေတဲ့သူတွေရှိတယ်။ အဲတော့ အဲလိုလူတွေက သူတို့ ရာထူးတက်လမ်းထိပ်မှာ သူများတွေ ဝင်လာရင်တော့လည်း ကြိုက်မှာမဟုတ်ဘူးပေါ့နော်။”

အရပ်ဘက် ကျန်းမာရေး စောင့်ရှောက်မှု အတွက် နိုင်ငံဝန်ထမ်း ရာထူးနေရာ ရဖို့ အတွက်လည်း အရပ်သား ဆရာဝန် အများအပြား စောင့်ဆိုင်းနေကြတာမို့ စစ်တပ်ဘက်က ဆရာဝန်တွေကို အရပ်ဘက် ပြောင်းလဲခန့်ထားဖို့ လိုအပ်ချက် မရှိဘူးလို့လည်း မြန်မာနိုင်ငံ ဆရာဝန် အသင်းက ထောက်ပြ ပြောဆိုပါတယ်။

XS
SM
MD
LG