သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတည်ငြိမ်ရေး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ ဒေသခံ အမတ်တွေ တောင်းဆို


ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေ။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေ။
ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက မောင်းတောမြို့နယ်တွင်း ရဲတပ်ဖွဲ့နဲ့ ဒေသခံ မူဆလင်ကျေးရွာသားတွေအကြား ခိုက်ရန်ဖြစ်ပြီးတဲ့နောက်၊ ပြည်နယ် အာဏာပိုင်တွေဖက်က လုံခြုံရေးတွေ တိုးမြင့်လာရာမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား အပြန်အလှန်မယုံကြည်မှုတွေဖြစ်ပြီး အခြေအနေတွေ ပိုတင်းမာလာသလိုဖြစ်နေပါတယ်။ ဒေသကိုယ်စားပြု လွှတ်တော်အမတ် အချို့ကတော့ အာဏာပိုင်တွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုတယ်လို့ ထောက်ပြနေပါတယ်။ အကြောင်းစုံကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ရန်ကုန်မြို့ ဗွီအိုအေ ရုံးခွဲကနေ သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ရက်နေ့က ကင်းလှည့် ရဲတပ်ဖွဲ့တစ်ဖွဲ့နဲ့ ဒေသခံ မူဆလင်ကျေးရွာသားတွေ ခိုက်ရန်ဖြစ်ပြီးတော့ ရဲတပ်ကြပ်ကြီး တစ်ဦးသေဆုံးခဲ့တာကြောင့် ပျောက်ဆုံးနေတာကို ရှာဖွေရင်းနဲ့ အဲ့ဒီ့ဒေသထဲမှာ လုံခြုံရေးတပ်တွေနဲ့ ကျေးရွာသားတွေအကြား တင်းမာမှုတွေ ဆက်ဖြစ်နေတာပါ။ လုံခြုံရေးတပ်တွေက ကျေးရွာထဲကို ဝင်ပြီးတော့ စုံစမ်းရှာဖွေ ဖမ်းဆီးမှုတွေကြောင့် ကျေးရွာသားတွေ အထိတ်တလန့်ဖြစ်ပြီးတော့ တချို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရပြောခွင့်ရသူ ဦးလှသိန်းကတော့ ဒီပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကို ရှာဖွေဖို့ ကျေးရွာသားတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

"ခရေမြိုင်ရဲကင်းက ရဲတပ်ကြီး အောင်ကျော်သိန်းနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၅ဦး၊ ကျေးရွာရပ်ကွက်အုပ်ချုပ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးစာရေး၊ သူတို့က လူအကုန်လုံး ၈၊ ၉ယောက်၊ အဲ့ဒီ့ဒူချေးရားတန်းကျေးရွာကို လှည့်ကင်း ဝင်တဲ့အခါမှာ သူတို့ိကို ဝိုင်းပြီးတော့ ရန်ပြုတာပေါ့။ သူတို့က နောက်ပြန်ဆုတ်တဲ့ အခါ တပ်ကြပ်ကြီး အောင်ကျော်သိန်းက အဲ့ဒီ့ကတည်းက ပျောက်ကျန်ခဲ့တာ။ အမ် ၂၂ မောင်းပြန် သေနတ်တလက်၊ လူနဲ့ ပျောက်သွားတာပေါ့။"

ကိုသားညွန့်ဦး- "အဲ့တာ မူဆလင်ကျေးရွာမှာ ဖြစ်တာပေါ့နော်။"

" ဟုတ်တယ်။ ကျေးရွာနာမည်က ဒူးချေးရာတန်း။ သူ့ကို တွေ့မလားပေါ့ သတင်းအစအနလိုက်ကြည့်တော့ အခုထက်ထိတော့ မတွေ့ရသေးဘူးပေါ့။ ရဲတပ်ဖွဲ့တို့၊ တာဝန်ကျတဲ့ လုံထိန်းတို့၊ ပူးပေါင်းပြီးတော့ လုံခြုံရေးကို ဆောင်ရွက်နေတယ်။ ဒါပဲ ကျနော်သိတယ်။"

ကိုသားညွန့်ဦး- အဲ့ဒီ့တော့ ဒီနောက်ပိုင်း သတင်းထွက်လာတာက ဗုဒ္ဓ ဘာသာဝင်အုပ်စု တစ်ခုက မူဆလင်ကျေးရွာကို ဝင်တိုက်လို့ ကျေးရွာသား အမျိုးသမီးတွေ၊ ကလေးတွေ သေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်တယ်ခင်ဗျ။

"အဲ့တာ လုပ်ကြံသတင်းပါ။ မဟုတ်ပါဘူး။ အဲ့ဒီ့သတင်းတွေ ကျနော်တို့လည်း ရပါတယ်။ အဲ့ဒီ့သတင်းက ဘယ်လိုလဲ ဆိုတော့ တဖက်က ပြန်လည် တိုက်ခိုက်တဲ့သတင်းတွေ ဖြစ်နေပါတယ်။ မဟုတ်ပါဘူး အဲ့တာ။"

မောင်းတောခရိုင် ကိုယ်စားပြုလွှတ်တော်အမတ်တွေကလည်း ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ တရား ဥပဒေအတိုင်း မှန်မှန်ကန်ဆောင်ရွက်သွားဖို့ လိုအပ်ချက်တွေကို စုပြီး ထုတ်ပြန်ခဲ့ကြပါတယ်။ လက်ရှိအခြေအနေမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကျေးရွာသားတွေအကြား မယုံကြည်မှုတွေ တိုးနေပြီး၊ ကောလဟာလ သတင်းတွေ ပျံနှံ့ လာတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်းက ပြောပါတယ်။

"ကျနော်တို့ ပြည်သူတွေ တင်ပြချက်အရ သိရတာကတော့ ဒူးချေရာတန်းရွာမှာ ၁၃ရက်နေ့ ညကတည်းက လူတွေ အမြောက်အမြား ဖြတ်ပြေးသွားတယ်။ မရှိတော့ဘူး။"

ကိုသားညွန့်ဦး- ဘာလို့ ထွက်ပြေးသွားတာလဲ။

"ဘာလို့ ထွက်ပြေးတာလဲဆိုတော့ ညတုန်းက ည ၁၀နာရီခွဲတုန်းက ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းအဖွဲ့နဲ့ ပြဿနာတက်တာပေါ့။ အဲ့ဒီ့နောက်ပိုင်းမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းက ခလုတ်တိုက်ပြီး ကျန်ခဲ့တယ်။ အဲ့တာမှာ လူတွေက သူ့ကို ဝိုင်းပြီးမှ ရိုက်ကြတယ်ပြော တာပေါ့နော်။ ကျန်တဲ့အဖွဲ့တွေက လွတ်သွားတဲ့အခါကျတော့ သူတို့က သက်ဆိုင်ရာ ခရိုင်ရဲကို အကြောင်းကြားတော့ ညတစ်နာရီခွဲလောက်မှာ ရဲတွေက လာပြီးတော့ ရွာထဲမှာ ပစ်တယ်ပြောတယ်။ ပစ်တယ်။ ရှာတယ်။ ဖမ်းဆီးတယ်။ ဆိုတော့ အဲ့လိုမျိုးလုပ်တော့ ညလည်း အမှောင်ရိပ်ဖြစ်တော့ လူတွေက ကြောက်လန့်ပြီးမှ ထွက်ပြေးတာပေါ့နော်။ နောက်နေ့ကျတော့ ဘာဖြစ်လည်းဆိုတော့ ရွာသားတွေကပြောတာပေါ့နော်။ အနီးအနား ပတ်ဝန်းကျင်က လာပြီးတော့မှ ရခိုင်တိုင်းရင်းသားရွာတွေက လာပြီးတော့မှ ဒူးချေရာတန်းရွာကို ဝင်ပြီးတော့မှ ပစ္စည်းတွေ ဘာတွေ လုကြတယ် ဒါမျိုးတွေလည်း ပြောကြတယ်။

အဲ့လိုဖြစ်တော့ လူတွေက ကြောက်လန့်ပြီးတော့မှ အနီးပတ်ဝန်းကျင်ရွာမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဝင်စီးတဲ့အခါကျတော့ ရှာဖွေတာပေါ့နော်။ အဲ့ဒီ့အချိန်မှာ တခါထပ်ပြီး လန့်ဖြတ်ပြီးတော့မှ လူတွေက မောင်းတော မြို့ပေါ်တွေရော၊ မြောက်ပိုင်းတွေရော ပြေးပြီးတော့ တော်တော်လေးကို တည်ငြိမ်မှုမရှိဘူးဗျ။ အခုကျနော် ဖုန်းပြောနေတဲ့ အချိန်အထိ မောင်းတောမြို့ရဲ့ တည်ငြိမ်မှုက ၃၀%တောင် မရှိဘူး။ လူတွေ ကျီးလန့်စာစားပြီးမှ ကြောက်ရွံ့နေတဲ့ဟာကို ကျနော်ကို ဖုန်းနဲ့တင်ပြကြတယ်။"

ကိုသားညွန့်ဦး- တချို့သတင်းတွေမှာ မူဆလင်ကျေးရွာတွေက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အဲ့တာနဲ့ပတ်သက်လို့ ဦးရွှေမောင်းတို့ ဘယ်လောက် အတည်ပြုလို့ရလဲ။

"ရွာသားတွေက အပြင်ကို ထွက်သွားတော့ တချို့မိသားစုနဲ့ကွဲသွားတယ်။ ရွာသားတွေရဲ့ သဘောသဘာဝအရ ကိုယ့်ဆီမှာ အဖေမပါတော့ဘူး။ အမေမပါလာတော့ဘူး။ နောက်ပြီးတော့ ကလေးတွေ မပါလာတော့ဘူး။ သူတို့ရဲ့ မိသားစုဝင်တွေ မရှိရင်၊ ပျောက်နေရင်၊ သူတို့က သေနတ်သံလည်း ကြားရတော့ ၊ ဓားတွေနဲ့ခုတ်တယ်။ လုကြတယ်။ ဒီလိုလည်း မြင်ခဲ့ရတော့ အသတ်ခံရတယ်။ သေတယ်။ ဒီလိုပဲ သူတို့ကပြောကြမှာပဲ။ လောလောဆယ် ကျနော်တို့ကတော့ ခိုင်မာတိကျတဲ့ အထောက်အထားတွေနဲ့ မတွေ့သေးဘူး။ အဲ့ဒ့ီမှာရှိတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း၊ အဲ့ဒီ့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကို အဲ့ဒီ့ရပ်မိရပ်ဖတွေ အားလုံးကို အဲ့ဒီ့ရွာကို ခေါ်သွားပြီးတော့မှ အဲ့ဒီ့ရွာကြီး အခြေအနေကို ပြမယ်ဆိုရင် အဲ့ဒီ့မှာ ရဲကွပ်ကဲမှုဌာနချုပ်ရှိတော့လေ အကုန်လုံးက သူတို့ကို မေးလို့ရမယ်။ မြန်းလို့ရမယ်။

ပြီးလို့ရှိရင် ရွာသားတွေကိုလည်း လုံခြုံမှုပေးရမယ်။ အကာအကွယ်ပေးရမယ်။ အခုဟာက အကုန်လုံးက တွေ့ကရာ ရွာသားတွေကို ဖမ်းဆီးပြီး စစ်တဲ့အခါကျတော့ လူတွေက ကြောက်လန့်ပြီးမှ သွားတဲ့အခါကျတော့ ကျနော်တို့က အမှန်တရားကို ဖော်ထုတ်ဖို့ မလွယ်ဘူး။ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့က လောလောဆယ် အပြန်အလှန် ယုံကြည်မှုမရှိတဲ့အခြေအနေဖြစ်နေတယ်။"

မောင်းတောမြို့မှာ ဖြစ်ခဲ့တဲ့ ဒီရက်ပိုင်း တင်းမာမှုတွေနဲ့ပတ်သက်လို့ အခြေအနေမှန်ကို ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့ဆိုပြီး ရန်ကုန် အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက ထုတ်ပြန်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားကလည်း တိုက်တွန်းခဲ့ပါတယ်။

လက်ရှိအားဖြင့်တော့ မောင်းတောမြို့နယ်အခြေအနေဟာ တည်ငြိမ်မှုမရှိသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်နယ်အစိုးရနဲ့ ရဲတပ်ဖွဲ့တင် ဆောင်ရွက်နေတာမဟုတ်ပဲ၊ လွှတ်တော်ပိုင်း ဒေသ လူမှုအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက် သွားဖို့ ဆိုပြီးတော့ မောင်းတော ခရိုင် ကိုယ်စားလှယ် လွှတ်တော်အမတ်တွေက တိုက်တွန်းထားကြပါတယ်။
XS
SM
MD
LG